NUG နှင့် သိုသိုသိပ်သိပ် ချိတ်ဆက်ဆွေးနွေးနေကြောင်း အင်ဒိုနီးရှား ပြော

NUG နှင့် သိုသိုသိပ်သိပ် ချိတ်ဆက်ဆွေးနွေးနေကြောင်း အင်ဒိုနီးရှား ပြော

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ အရှိန်မြင့်နေရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စတင်နိုင်ရေး အားထုတ်မှုအဖြစ် အင်ဒိုနီးရှားသည် မြန်မာ ဒီမိုကရေစီလိုလားသော အဝေးရောက်အစိုးရ NUG၊ အာဏာသိမ်းစစ်ကောင်စီနှင့် တိုင်းရင်းသား လူနည်းစု တပ်ဖွဲ့များနှင့် လအတော်ကြာ သိုသိုသိပ်သိပ် ချိတ်ဆက်ဆွေးနေကြောင်း နိုင်ငံခြားရေးဝန်ကြီးက ရိုက်တာသို့ ပြောသည်။

ယခုနှစ်၏ အာဆီယံဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားသည် မြန်မာနိုင်ငံက ပဋိပက္ခ အရှိန်လျှော့ချနိုင်ရေးအတွက် နောက်ကွယ်၌ ပြင်းပြင်းထန်ထန် လုပ်ဆောင်လျက်ရှိကြောင်း အင်တာဗျူး၌ ရတ်နို မာဆူဒီက ပြောပြီး မြန်မာ့ပဋိပက္ခတွင် သက်ဆိုင်ရာ အဓိကပုဂ္ဂိုလ်အားလုံးအား ဆွေးနွေးပွဲစားပွဲဆီ ဆောင်ကြဉ်းနိုင်ရေးအတွက် အင်ဒိုနီးရှား၏ လုပ်ဆောင်မှုများကို ပထမဆုံး မီးမောင်းထိုးပြသည်။

မတူညီသော အဓိကပုဂ္ဂိုလ်များနှင့် ဆွေးနွေးသည့် အကြောင်းအရာကို အသေးစိတ်ဆိုရန် ရတ်နိုက ငြင်းဆန်သော်လည်း အင်ဒိုနီးရှား သံတမန်များသည် မြန်မာ့အရေး၌ သက်ဆိုင်သူ အားလုံးနှင့် အကြိမ် ၆၀ ကျော်မက ချိတ်ဆက်ဆွေးနွေးထားကြောင်း ပြောသည်။

ပြီးခဲ့သည့် နှစ်နှစ်အကြာက အာဆီယံအဖွဲ့နှင့် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်တို့ သဘောတူခဲ့သည့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို စစ်ကောင်စီက အကောင်အထည် ဖော်ရန် ပျက်ကွက်၍ အာဆီယံအဖွဲ့အတွင်း ခံပြင်းမှုများ ဖြစ်ပေါ်နေချိန် အင်ဒိုနီးရှားက ကြိုးပမ်းလျက် ရှိခြင်းပဲ ဖြစ်သည်။

“ကျွန်မတို့ဟာ ဘုံသဘောတူညီချက် ငါးရပ်အရ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အားလုံးလိုလိုနဲ့ ချိတ်ဆက်ဆွေးနွေးနေပါတယ်”ဟု ရတ်နိုက ပြောသည်။

“ဖြစ်နိုင်သမျှ အားလုံးပါဝင်အောင် ကျွန်မတို့ ကြိုးစားနေတာပါ”ဟု ၎င်းက ဆိုသည်။

ထင်မြင်ချက်ပေးရန် တောင်းခံသည်ကို မြန်မာစစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့မှ ကိုယ်စားလှယ်များက ချက်ချင်း မတုံ့ပြန်ပေ။

“ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ကြိုးစားနေခြင်း” ကြောင့် အာဆီယံဥက္ကဋ္ဌနှင့် ပူးပေါင်းဆောင်ရွက်မှု ရှိကြောင်း NUG ၏ ပြောခွင့်ရသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံဿည် ၂၀၂၁ ခုနှစ်၌ စစ်တပ်က အာဏာသိမ်းပြီး အတိုက်အခံများကို အကြမ်းဖက်ဖြိုခွင်းမှုများ လုပ်ဆောင်လာချိန်မှစကာ အကြမ်းဖက်မှုများနှင့် စီးပွားရေး ကမောက်ကမ ဖြစ်မှုများ ကျရောက်သည်။ အချို့က ပြည့်ပသို့ ထွက်ပြေးကြပြီး အဝေးရောက် အစိုးရကို ဖွဲ့စည်းထူထောင်ကာ အခြားသူများမှာလည်း နိုင်ငံတစ်ဝန်းက လက်နက်ကိုင်အဖွဲ့များထံ ဝင်ရောက်ကြကာ စစ်ကောင်စီအား ခုခံတိုက်ခိုက်လျက် ရှိသည်။

“အဓိကပုဂ္ဂိုလ်တွေကြား နက်ရှိုင်းပြီး သိသာတဲ့ ကွာဟချက်တွေ လျော့ပါးအောင် တံတားခင်းပေးနိုင်ဖို့ အင်ဒိုနီးရှားက ဆက်လက်ကြိုးစားနေပါတယ်”ဟု ရတ်နိုက ပြောသည်။

ဘုံသဘောတူညီချက် ငါးရပ်အား အကောင်အထည်ဖော်ရန် ချို့တဲ့မှုနှင့် အတိုက်အခံများကို ဆက်လက်တိုက်ခိုက်နေမှုများအတွက် စစ်ကောင်စီအပေါ် သည်းခံစိတ် ပျောက်ဆုံးနေသော အာဆီယံခေါင်းဆောင်များ၏ လာမည့် သီတင်းပတ် အစည်းအဝေးအကြိုတွင် ရတ်နိုက ပြောဆိုလာခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly