မုံရွာမြို့ မြဝတီဘဏ်အစောင့်တပ်ကို အလစ်ဝင်ရောက်တိုက်ခိုက် စစ်သားသေဆုံး 

By ပါခွီး (မဇ္စျိမ)
05 May 2023
မုံရွာမြို့ မြဝတီဘဏ်အစောင့်တပ်ကို အလစ်ဝင်ရောက်တိုက်ခိုက် စစ်သားသေဆုံး 

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့အိုးရှင်းစင်တာနှင့် မျက်နှာချင်းဆိုင်ရှိ မြဝတီဘဏ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တစ်ဦး သေဆုံးသွားကြောင်း GoldenEagle Force-Monywa က မေလ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။ 

မုံရွာမြို့ပြောက်ကျားပူးပေါင်းတပ်ဖွဲ့သည် အိမ်စီးကားဖြင့် ဘဏ်အရှေ့တွင် ဘန်ကာအနီးရှိ စစ်ကောင်စီတပ်သား သုံးဦးကို မေလ ၃ရက် ညနေ ၃ နာရီဝန်းကျင်အချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ 

“အခု ကန့်ဘလူကဘုန်းကြီး ဦးဝါသဝ မုံရွာကန်သာယာမှာ ညောင်ရေသွန်းနေတယ် ၊ လုံခြုံရေးအပြည့်ယူထားပြီး လမ်းတွေလည်းပိတ်ထားတယ်။ ဘယ်လောက်ပိတ်ဆို့ထားပါစေ ရအောင်တိုက်လို့ ရတယ်ဆိုတာ သိအောင် အခုလို မစ်ရှင်ဖော်ခဲ့တာပါ” ဟု GoldenEagle Force-Monywa တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လင်းယုန် က မဇ္စျိမ ကိုပြောသည်။ 

ယင်းသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦး ဦးခေါင်းတွင်ထိမှန်ခဲ့ပြီး ထိုဒဏ်ရာဖြင့် နောက်ရက် မေလ ၄ ရက်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း ဆိုသည်။ 

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများဘက်မှလည်း ပြန်လည်ပစ်ခတ်သော်လည်း ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ 

အဆိုပါတိုက်ခိုက်မှုကို GoldenEagle Force-Monywa နှင့်အတူ မုံရွာခရိုင် အမှတ် (၂၄) တပ်ရင်း ၊ တပ်ခွဲ(၁) (Monywa Ranger Group/ Truth Army) ၊ တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့ ၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့ ၊ Brother Revolution Force – Monywa တပ်ဖွဲ့များ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အဆိုပါ မြဝတီဘဏ်တွင် စစ်ကောင်စီတပ်သား ၁၅ ဦးခန့် အခြေစိုက်တပ်စွဲထားပြီး ဘဏ်လုံခြုံရေးအပြင် လမ်းသွားလမ်းလာ၊ ကားနှင့် ဆိုင်ကယ်များကို စစ်ဆေးတတ်ကြောင်း သိရသည်။ 

မုံရွာမြို့ရှိ မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လုံခြုံရေးဂိတ်များကို တတ်နိုင်သမျှ ရှောင်ကွင်းသွားကြပါရန် ၎င်းတို့တိုက်ခိုက်ချိန်တွင် ပြည်သူများ ယင်းဂိတ်များရှေ့တွင် ရှိနေတတ်သဖြင့် ထိခိုက်မည်ကို စိုးရိမ်သဖြင့် သတိပေးခြင်းဖြစ်ကြောင်း ဗိုလ်လင်းယုန်က မေတ္တာရပ်ခံထားသည်။ 

မုံရွာမြို့ရှိ စစ်ကောင်စီရုံးများ ၊ ဘဏ်များရှိ တပ်များကို မြို့ပြပြောက်ကျားများမှ တိုက်ခိုက်မှု ခပ်စိပ််စိပ် ပြုလုပ်လာချိန်တွင် စစ်ကောင်စီတပ်မှလည်း မုံရွာမြို့အထွက်လမ်းများကို ဖျက်ဆီးထားပြီး အချို့နေရာများတွင် ဆိုင်ကယ်သာ ဖြတ်သန်းသွားလာနိုင်ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံမှ သိရှိရသည်။ 

ဧပြီလ ၂၄ရက် မွန်းလွဲ ၁နာရီ ၄၅မိနစ်အချိန်က မုံရွာမြို့အဝင် ဘိုးဘွားရိပ်သာအနီး ၊ ရေဦး ဆန်ဆိုင် ရှေ့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို Golden Eagle Force-Monywa နှင့်အတူ အောင်ဆန်းမျိုးဆက် (မုံရွာခရိုင် အမှတ်(၁၃) တပ်ရင်း ၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်း၍ အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly