တရုတ်အပေါ် အင်ဒိုနီးရှား ပိုမိုမှီခိုလာမှုကြောင့် သီရိလင်္ကာကဲ့သို့ အကြွေးထောင်ချောက် ရင်ဆိုင်ရဖွယ်ရှိ

တရုတ်အပေါ် အင်ဒိုနီးရှား ပိုမိုမှီခိုလာမှုကြောင့် သီရိလင်္ကာကဲ့သို့ အကြွေးထောင်ချောက် ရင်ဆိုင်ရဖွယ်ရှိ

အရှေ့တောင်အာရှတွင် စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သော အင်ဒိုနီးရှားသည် အချိန်ကြာလာသည်နှင့်အမျှ တရုတ်ကြွေးမြီများ တိုးလာသလို နိုင်ငံတကာကုန်သွယ်မှုတွင်လည်း တရုတ်ယွမ်ကို ပိုမိုအသုံးပြုလာသည်။

အင်ဒိုနီးရှားသည် တရုတ်နိုင်ငံအပေါ် ပိုမိုမှီခိုလာသောကြောင့် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ကြီးထွားလာသောရန်လိုမှုကို ခုခံကာကွယ်ရာတွင် အခက်တွေ့လာနိုင်ကြောင်း နီပေါအခြေစိုက် အွန်လိုင်းမဂ္ဂဇင်း e-Pardafas က ဖော်ပြခဲ့သည်။

ဂျာဗားတွင် တည်ဆောက်နေသော မြန်နှုန်းမြင့်ရထားလမ်းအတွက် နှစ် ၅၀ ချေးငွေသက်တမ်းကို နောက်ထပ် နှစ် ၃၀ ထပ်တိုးပေးရန် အင်ဒိုနီးရှားအခြေစိုက်ကုမ္ပဏီ Kereta Cepat Indonesia China (KCIC) က တောင်းဆိုခဲ့ကြောင်း Nikkei Asia သတင်းဌာနက ယမန်နှစ် ဒီဇင်ဘာလက ဖော်ပြခဲ့သည်။
ကြွေးမြီသက်သာခွင့်အတွက် ဟမ်ဘန်တိုတာဆိပ်ကမ်းကို တရုတ်သို့ အငှားချလိုက်ရသည့် သီရိလင်္ကာကဲ့သို့ ဘဏ္ဍာရေးထောင်ချောက်ထဲ ကျရောက်မည်ကို အင်ဒိုနီးရှားက  စိုးရိမ်နေပြီး အင်ဒိုနီးရှားအစိုးရအနေဖြင့် ထိုအဆိုပြုချက်ကို ပယ်ချနိုင်ခြင်းမရှိပါက ရထားလမ်းသည် တရုတ်ထိန်းချုပ်မှုအောက်တွင် ဆက်ရှိနေမည်ဖြစ်သည်။

အာဖရိကနိုင်ငံအများအပြားမှာလည်း အလားတူ အခြေအနေမျိုး တွေ့ကြုံနေရသည်။ 
တရုတ်ချေးငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံဖြင့် အကောင်အထည်ဖော်နေသော KCIC ရထားလိုင်းသည် တရုတ်နိုင်ငံ၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ၏ အစိတ်အပိုင်းဖြစ်သည်။  BRI စီမံကိန်းကြောင့် အင်ဒိုနီးရှားနှင့် အခြားနိုင်ငံများစွာကို မမြင်နိုင်သည့် ကြွေးမြီများစွာ တင်စေခဲ့သည်ဟု AidData  သုတေသနအဖွဲ့၏ အစီရင်ခံစာက ဖော်ပြခဲ့သည်။ အင်ဒိုနီးရှား မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းတွင် တရုတ်ကုမ္ပဏီများက ၄၀ ရာခိုင်နှုန်းပိုင်ဆိုင်သည်။

နှစ် ၈၀ ချေးငွေသက်တမ်းနှင့်ပတ်သက်ပြီး အင်ဒိုနီးရှားအနေဖြင့်လည်း စိုးရိမ်ချင်စရာပင်ဖြစ်သည်။ သီရိလင်္ကာအစိုးရသည် တည်ဆောက်ရေးချေးငွေများကို ပြန်မဆပ်နိုင်တော့သည့်အခါ ၂၀၁၇ ခုနှစ်က ဟမ်ဘန်တိုတာဆိပ်ကမ်းကို တရုတ်သို့ ၉၉ နှစ် အငှားချလိုက်ရသည်။ 

အဆိုပါဖြစ်ရပ်ကို ကြွေးမြီထောင်ချောက်သံခင်းတမန်ခင်း ဥပမာတစ်ခုအဖြစ်ရှုမြင်နိုင်သည်။ မြီရှင်နိုင်ငံက နိုင်ငံရေး သို့မဟုတ် စီးပွားရေးဆိုင်ရာ လိုက်လျောမှုများ မတောင်းဆိုမီ အလွန်အကျွံ ချေးငွေများ ပေးလိုက်သည့်အခါ ချေးငွေယူသည့်နိုင်ငံက ငွေပြန်မဆပ်နိုင်တော့သည် အခြေအနေဖြစ်သည်။ ယခုဖြစ်ရပ်တွင် တရုတ်သည် အိန္ဒိယသမုဒ္ဒရာအလယ်တွင် ကမ္ဘာ့ပထဝီနိုင်ငံရေးအတွက် အရေးပါသောဆိပ်ကမ်းကို သိမ်းပိုက်အောင်မြင်ခဲ့ခြင်းဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ကမ္ဘာတစ်ဝန်းတွင် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုနှင့် ကုန်ပစ္စည်းများ  ဖြန့်ကြက်ရန် ရည်ရွယ်ချက်ဖြင့် အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းကြီးတစ်ခုဖြစ်သည့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ကို လွန်ခဲ့သည့် ဆယ်နှစ်ကျော်က စတင်အကောင်အထည်ဖော်ခဲ့သည်။ ထိုအချိန်မှစ၍ အရင်းအမြစ်များနှင့် အခြေခံအဆောက်အအုံများ အလွန်အမင်းလိုအပ်နေသော နိုင်ငံပေါင်း ၁၅၀  ကျော်သည် တရုတ်နိုင်ငံနှင့် စီမံကိန်းဆိုင်ရာ သဘောတူညီချက်များ ချုပ်ဆိုခဲ့ကြောင်း e-Pardafas က ဖော်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly