နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၄ မေ ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၄ မေ ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီကို ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စတင် ဖွဲ့စည်းပြီး ကြားကာလဒေသန္တရ အုပ်ချုပ်ရေးဖော်ဆောင်မှု လုပ်ငန်းများကို မူဝါဒတွေချမှတ်အ ကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ လက်ရှိ အချိန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်နယ် မြေများတွင်  မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့များကို (၁၇၁) မြို့နယ်ဖွဲ့စည်းနိုင်ခဲ့ပြီး ခရိုင်ပေါင်း (၁၀) ခရိုင်ကိုလည်း ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။
•    ၂ နှစ်တာကာလအတွင်း တစ်နိုင်ငံလုံးတွင် PDF တပ်ရင်းနှင့် စစ်ကြောင်း စုစုပေါင်း (၃၀၀) ကျော် ၊ ရပ်ရွာအ ခြေပြု ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို မြို့နယ်ပေါင်း(၂၅၀)ကျော်၌ စနစ်တကျဖွဲ့စည်း တည် ထောင်ထား ပြီး လူအင်အား တိုက်ခိုက်ရေးအင်အားကို ရန်သူ့ထက် “သာလွန် အင်အား” ဖြစ်အောင် စုဖွဲ့တည် ဆောက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။
•    စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ပြည်သူ ၇ဦးကို ဥပဒေမဲ့ ပြုလုပ်ခဲ့သည့် ကျေးရွာပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်အချို့ကို အရေးယူထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးထုတ်ပြန်သည်။
•    အကြမ်းဖက်စစ်ကောင်စီကို စစ်ရေးနည်းဗျူဟာအရ ခုခံတွန်းလှန်စစ်ကနေ အကြိုထိုးစစ်ကာလ၊ ထိုးစစ်ကာလကို ဆက်သွားဖို့ ပြင်ဆင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း တို့မှာရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို မေ ၄ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့သည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ၎င်းတို့ကိုင်ဆောင်သောလက်နက်များ သိမ်းဆည်းရခဲ့ ကြောင်း မဟူရာ ရွှေဘိုသား တပ်ဖွဲ့က မေလ၄ရက် ယနေ့တွင်ထုတ်ပြန်သည်။
•    စစ်ကိုင်း-မုံရွာလမ်းပိုင်းအတိုင်း စစ်ကိုင်းမှမုံရွာဘက်သို့ ထွက်လာသည့် စစ်ကောင်စီ ယာဉ်တန်းကို နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း DK-PDF က သတင်းထုတ်ပြန်သည်။
•    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရွာ ရဲတပ်ရင်း (၁၆) တွင် အထိုင်ချ နေထိုင်နေသည့် ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို မေလ ၃ ရက်နေ့ ညနေပိုင်းတွင် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်မှ သုံး ဦးသေဆုံးသွားကြောင်း MMU-PDF မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုခင်သောင်း က ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာရွာရှိ အထက်တန်း စာသင်ကျောင်းကို စစ်တပ်က မိုင်းဆွဲ ဖြိုချပြီး မီးရှို့ဖျက်ဆီး ပြည်သူ ၂ ဦး ဖမ်းဆီးခံထားရကြောင်း ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေး အဖွဲ့မှသိရသည်။
•    တန့်ဆည်မြို့နယ် ပင်မ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၄ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှ စစ်ကြောင်းထွက်လာသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Black Wolf Army ထံမှ သိရသည်။
•    ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၄ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက မေလ ၄ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြကြောင်း သိရှိရသည်။
•    အာဏာသိမ်း စစ်ခေါင်းဆောင်များ အခြေစိုက်ရာ နေပြည်တော်ရှိ ရဲကင်းဂိတ်တစ်ခုတွင် စစ်ကောင်စီ၏ လက်နက်ကိုင် ရဲတပ်ဖွဲ့နှင့် မြို့ပြပြောက်ကျားအဖွဲ့တို့ ယမန်နေ့ မေလ ၃ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်း သွားပစ်ခဲ့သည့် စစ်တောင်းမြို့ပြ ပြောက်ကျားအဖွဲ့ထံက သိရသည်။
•    မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်း ကင်းလှည့်လာသည့် စစ်ကောင်စီတပ်၏ ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာ ရရှိသွားကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (တကောင်း) က မေလ ၃ ရက်တွင် ထုတ်ပြန်သည်။
•    မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ သရက်ကန်ရွာ နှင့် စိုကန်တိုက်ရွာ အကြားတွင် ပျူစောထီးအဖွဲ့ ဝင်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦး သေဆုံးသွားကြောင်း မြိုင် (ပကဖ) အဖွဲ့ ခေါင်းဆောင် ဗိုလ်လက်ယာက ပြော သည်။
•    မကွေးတိုင်း၊ ယောနယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် ယောလူမျိုး လက်နက် ကိုင်တပ်ဖွဲ့များကို ကူညီနိုင်ရေးအတွက် ယောနကအောင်ပွဲ ကျပ်ငွေ သိန်း ၄၅၀၀ ကမ်ပိန်းတွင် ပြည်သူများ ပါဝင်ကြရန် တော်လှန်ရေး အင်အားစုများနှင့် တော်လှန်ရေး သတင်းရင်းမြစ်များ မေတ္တာရပ်ခံ ထားသည်။
•    ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်တလန်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်သောကြောင့် နေအိမ် ၁၅ လုံးပျက်စီးခဲ့ကြောင်း သိရသည်။
•    တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့(စရဖ)ရုံးနှင့် ပျူခေါင်းဆောင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေအိမ်အား ဝင်ရောက်စီးနင်းတိုက်ခိုက် ရာ လူ ၁ ဦး သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ကော့သောင်းခရိုင် တပ်ရင်း ၁ ထံမှ သိရသည်။
•    ကြံခင်းမြို့နယ် သပိတ် အင်အားစုများ ဦးဆောင်ကာ "ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ ရွေးကောက်ပွဲ ကို လူထုအားနဲ့ ဆန့်ကျင်ကြ" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ ကြောင်း သိရသည်။
•    ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ သန္ဓေပင် စစ်တပ်စစ်ဆေးရေး တိုးဂိတ်တွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ် ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ထိမှန်သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
တိုင်းရင်းသား လက်နက်ကိုင်များ
•    ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်နှင့် ကမမောင်းမြို့အကြားရှိ စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ ကရင် နယ်ခြားစောင့်တပ် (BGF) တို့ ပူးပေါင်းအထိုင်ချနေသော ဝါ့သိုးခို့စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့် BGF ခုနစ်ဦး သေဆုံးပြီး လက်နက်များ သိမ်းဆည်ရရှိခဲ့ကြောင်း KNLA နှင့် နီးစပ်သော သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။
•    ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် လူသတ်မှု၊ ဓားပြမှု၊ ပြန်ပေးမှု၊ ခိုးမှုများ ကျူးလွန်ခဲ့သည့် စစ်တပ်၏ မန်ပန် ပြည်သူ့စစ် အဖွဲ့ဝင် ၁ ဦးအပါအဝင် ၄ ဦးကို MNDAA က သေဒဏ်ချမှတ်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီ
•    စစ်ကောင်စီတွင် နိုင်ငံခြားဝင်ငွေ ဒေါ်လာ နည်းပါးလာ၍ အကြမ်းဖက် မင်းအောင်လှိုင်က ပြည်ပမှ ကုန်ပစ္စည်း တင်သွင်းမှု အားလုံးနီးပါးကို ပိတ်ပင်ကြောင်း အမိန့်ထုတ်ပြန်ကြောင်း သိရှိရသည်။ 
•    နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ ကုသိုလ် တော်အဖြစ် မုစလိန္ဒ နဂါးရုံဘုရားကျောင်းဆောင်တော် သို့ ဗုဒ္ဓရုပ်ပွားတော်ပင့်ဆောင်ပူဇော်ခြင်းနှင့် မဟာ ဗောဓိပင်တော် စိုက်ပျိုးပူဇော်ခြင်း မင်္ဂလာအခမ်းအနားတို့ကို အကြမ်းဖက်မင်းအောင်လှိုင်က ဦးစီးပြီး  မေလ ၃ ရက်က ပြုလုပ်ခဲ့သည်။
•    မလေးရှားနဲ့ထိုင်းနိုင်ငံကို တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေကြသူများ ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF) နှင့် မလေးရှားနဲ့ထိုင်းနှစ်နိုင်ငံ အသိအမှတ်ပြု ဆေးရုံဆေးခန်း ရှစ်ခုတို့ သဘောတူMouလက်မှတ် ရေးထိုးထား ကြောင်း MOEAF ပြန်ကြားရေးကော်မတီက အသိပေးထုတ်ပြန်ထားသည်။
•    အကျဥ်းထောင်အသီးသီးမှာ သေဒဏ်ချမှတ်ခံထားရသည့် အကျဥ်းသား အကျဥ်းသူ ၃၈ယောက်ကို သေဒဏ်ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုပြီး ထောင်ဒဏ်တစ်သက် ပြောင်းလဲကျခံစေကြောင်း အကြမ်းဖက် စစ်ကောင်စီမှ ထုတ်ပြန်ကြေညာသည်။

မေ ၄ ရက် သုံးသပ်ချက်
•    လက်ရှိမြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲများ ပြင်းထန်နေချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရမှ ခုခံစစ်ကနေ ထိုးစစ်ကို ပြောင်းရန်ရှိနေကြောင်း တရားဝင်ပြောဆိုထားခြင်းကြောင့် တိုက်ပွဲများ ယခုထက်ပိုပြင်းထန်လာနိုင်သည်။
•    ပုံမှန်တိုက်ပွဲများရှိနေသည့် မြို့များ ကျေးရွာများကနေ ခုခံစစ်စသည့်အချိန်မှ ယခုချိန်ထိ တိုက်ပွဲမဖြစ် ဖူးသေးသည့်မြို့များ ကျေးရွာများအထိပါ တိုက်ပွဲများဖြစ်လာသည်ကိုတွေ့ရခြင်းကြောင်း အကြမ်းဖက် စစ်အုပ်စု၏ စိုးမိုးနယ်မြေ ဆုံးရှုံးရသည်ဟု ဆိုရမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required