အာဏာရှင်ကြောက်တဲ့ သတင်းလွတ်လပ်ခွင့်

By ဂန္ဒမာ (မဇ္ဈိမ)
04 May 2023
အာဏာရှင်ကြောက်တဲ့ သတင်းလွတ်လပ်ခွင့်

“အာဏာသိမ်းပြီးပြီဆိုကတည်းက သတင်းလွတ်လပ်ခွင့်လုံးဝမရှိတော့သလို စစ်ကောင်စီရဲ့ targetကလည်း သူတို့တွေကို ဆန့်ကျင်တယ်လို့ယူဆရတဲ့လူတွေအားလုံးကို အကြမ်းဖက်လို့ သူတို့က သတ်မှတ်နေပြီ။ သူတို့ရန်သူတွေလို့ သတ်မှတသွားပြီ” 

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းနှင့် စာနယ်ဇင်းလွတ်လပ်ခွင့် ပျောက်ဆုံးသွားသည့်အ‌ကြောင်းကို အလွတ်တန်း အမျိုးသမီးသတင်းထောက် မသန္တာ(အမည်လွှဲ)က အထက်ပါအတိုင်း မှတ်ချက်ပြုသည်။ 

မသန္တာက သတ္တိရှိသည့် အမျိုးသမီးသတင်းထောက်တစ်ဦးဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ရပ်များကို မြေပြင်တွင် သတင်းရယူနေစဉ် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ထောင်ကျခဲ့သည်။  နှစ်နှစ် နီးပါးအကြာတွင် လွတ်မြောက်လာခဲ့သည်။မေလ ၃ရက်သည် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်ပြီး စစ်အာဏာရှင်လက်အောက်တွင် မြန်မာပြည်တွင်း၌ သတင်းမီဒီယာလွတ်လပ်ခွင့်လုံး၀မရှိတော့သည့် အ‌ခြေအနေများအတွက်  မသန္တာကဲ့သို့ ရဲစွမ်းသတ္တိရှိသော အမျိုးသမီးသတင်းထောက်ထံတွင် ‌ပြောစရာများ ရင်နှင့်မဆန့်အောင်ရှိနေသည်။

“အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ သတင်းလွတ်လပ်ခွင့်က လုံးဝအမှောင်ကျသွားတယ်။ စစ်ကောင်စီက မီဒီယာတွေကိုမုန်းတယ်ဆိုတာ သေချာသလောက်ရှိတယ်”ဟု သူမက ဆိုသည်။

အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် အရှေ့ပိုင်းကာလကဆိုရင် သတင်းလွတ်လပ်ခွင့်အပြည့်အဝမရှိ‌ သေးသော်လည်း လွတ်လပ်မှု အထိုက်အလျောက် ရှိခဲ့သည်ဟုဆိုသည်။  သတင်းများ လွတ်လွတ်လပ်လပ်လိုက်ခွင့်ရခဲ့ပြီး နေ့စဉ်သတင်းများကို ပြည်သူလူထုထံ လွတ်လွတ်လပ်လပ် ချပြနိုင်ခဲ့သည့် အရပ်သားအစိုးရလက်ထက် အတိတ်ကာလသည် လွမ်းမောဖွယ်ရာ ရွှေရောင်ကာလဟု သူမက ညွှန်းဆိုသည်။

ထိုအခြေအနေများက စစ်တပ်အာဏာသိမ်းပြီးသည့်နောက်ပိုင်း ဆန့်ကျင်ဘက်ဖြစ်သွားတော့သည်။

အာဏာသိမ်းပြီး ပထမသုံးလခန့်အထိ သတင်းထောက်များသည်  သတင်းမီဒီယာသမားဖြစ်ကြောင်းမြင်သာစေသော Press စာတန်းပါဦးထုပ်၊ အင်္ကျီများနှင့် သတင်းလိုက်ရန်လွယ်ကူခဲ့သေးသည်။နွေဦးတော်လှန်ရေး ကနဉီးကာလများတွင်  ဆန္ဒပြနေကြသော လူထုသပိတ်များနောက်သို့ သတင်းထောက်များက  တကောက်ကောက်လိုက်ပြီး  အားကြိုးမာန်တက် သတင်းလိုက်‌ခဲ့ကြသည်။

လူထုတော်လှန်ရေးအရှိန်မြင့်လာပြီးနောက် စစ်ကောင်စီက သပိတ်များကို ဖြိုခွင်းလာသည့်အခါ
သတင်းထောက်များ  သတင်းလိုက်ရန် ခက်ခဲလာသည်။ သတင်းထောက်တစ်ဦးအဖြစ် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားလို့မရတော့သည့်အခြေအနေက စတင်လာခဲ့ပြီ။

၂၀၂၁ခုနှစ် ဧပြီလမှစတင်ကာ စစ်ကောင်စီက လူထုသပိတ်များကို အကြမ်းဖက်နှိမ့်နင်းမှုများပိုမိုဆိုးရွားလာသည်။  သတင်းထောက်ဖြစ်စေ၊ ပြည်သူလူထုကိုဖြစ်စေ စစ်ကောင်စီက ပစ်ခတ်နှိမ်နင်းမှုများစတင်ပြုလုပ်လာရာ  သတင်းသမားများသည် ကင်မရာကို ဖွက်ကာ ဖုန်းဖြင့်သာ​ ပုန်းရှိုးကွယ်ရှိုး ရိုက်ကူးရေးလုပ်ရင်း လူထုထံ သတင်းတင်ပြပေးရသည့်အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ နောက်ပိုင်းတွင်တော့ စစ်ကောင်စီတပ်သည် သတင်းသမားများကို ပစ်မှတ်ထားပြီး လိုက်လံဖမ်းဆီးတော့သည်ဟု  သူ ဖြတ်သန်းခဲ့ရသည့် စစ်အာဏာရှင်လက်အောက်မှ သတင်းသမားများ၏ အကျပ်အတည်းကို  မသန္တာက ပြန်ပြောပြသည်။ ထို့ကြောင့်ပင် စစ်ကောင်စီတပ်ဖွဲ့ဝင် အတောင် ၂၀ ဝတ် ယောင်္ကျားသားများက မသန္တာအပါအဝင်အမျိုးသမီးသတင်း‌ထောက်အချို့ကို အင်အားသုံးဖမ်းဆီးပြရင်း အာဏာရှင်ကို အသက်ဆက်ပေးခဲ့ကြသည်။ 

မသန္တာကဲ့သို့ပင် မဝတီ(အမည်လွှဲ)ကလည်း သတ္တိရှိသော အမျိုးသမီးသတင်းထောက်တစ်ဦးဖြစ်သည်။မဝတီက အာဏာသိမ်းကာလအတွင်း  ကရင်နီပြည် ဒီးမော့ဆိုနှင့် ဖရူဆိုမြို့တို့မှ စစ်မြေပြင်တွင် သတင်းလိုက်ခဲ့သည်။

သူမအနေဖြင့် လွတ်မြောက်နယ်မြေသို့ အခြေအနေအရ သွားရသည်များလည်းရှိသလို စစ်မြေပြင်သတင်းများကို လိုက်ရင်း စစ်ကောင်စီလက်ထက် သတင်းအမှောင်ချရန် ကြိုးစားမှုများကို  တွန်းလှန်ရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။

အာဏာမသိမ်းခင်နှင့် အာဏာသိမ်းပြီးနောက် သတင်းမီဒီယာလွတ်လပ်ခွင့်ခြားနားမှုမှာ ဆန့်ကျင်ဘက်ဖြစ်သွားပြီဟု မဝတီက မှတ်ချက်ပြုသည်။   အာဏာသိမ်းပြီးနောက် မြေပြင်သတင်းရယူရန်  စစ်ရှောင်များဆီသွားရောက်ဖို့ပင် မလွယ်ကူခဲ့ဘဲ အမြဲတမ်းလိုလို စိုးရိမ်စရာများကြုံခဲ့ရကြောင်း သူမက ဆိုသည်။

“ဒီသတင်းတစ်ခုရဖို့ကတော့ အရင်တုန်းကတောင်မှ လွတ်လပ်စွာထုတ်‌ဖော်ပြောဆိုခွင့်ကို ကျွန်မတို့အပြည့်အဝမရခဲ့ပါဘူး။ ဒါပေမယ့်ဒီအာဏာသိမ်းပြီးနောက်ပိုင်းမှာ သတင်းတစ်ခုရဖို့ကျွန်မတို့ဘယ်လောက်ထိလှုပ်ရှားရလဲဆို အရင်က ၁ နာရီနဲ့ပြီးရမယ့်သတင်းမှာ ၃ နာရီ ၄နာရီ‌လောက် ထိကြာအောင် ကျွန်မတို့လိုက်ရတယ်။ လှုပ်ရှားရတယ်" ဟု မြေပြင်တွင် သတင်းရယူရသည့်အခက်အခဲကို မဝတီက ပြောပြသည်။ 

မြို့ပြမှ လူထုတော်လှန်ရေးသပိတ်များကို  သတင်းလိုက်ခဲ့သည့် မသန္တာကတော့ “သတင်းထောက်ဆိုတဲ့သဘောသဘာဝကိုက ပြည်သူတွေရဲ့ အသံကိုရယူဖို့ဆိုတာ တကယ်မြေပြင်ဆင်းပြီး အလုပ်လုပ်နေဖို့လိုတယ်။ ပြည်သူတွေနဲ့ တကယ်ထိတွေ့နေဖို့လိုတယ်။ သတင်းမှန်တွေ တကယ်ရဖို့အတွက် သတင်းရင်းမြစ်တွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနေဖို့လိုတယ်။ အဲ့ဒါမှ သတင်းထောက်တွေက သတင်းအမှန်ကို ဖော်ပြနိုင်မှာ ” ဟု သူမ၏ ခံယူချက်နှင့် ထင်မြင်ယူဆချက်ကို ဆက်ပြောသည်။ 

သို့သော် လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် သတင်းလွတ်လပ်ခွင့် လုံးဝမရှိတော့သည့်အတွက် ပြည်သူလူထုနှင့် သတင်းသမားများ  တိုက်ရိုက်ထိတွေ့ရန် ခက်ခဲနေပြီဟု ဆိုသည်။
အခြားတစ်ဖက်တွင်  စစ်ကောင်စီသည်၎င်းတို့ ဖြန့်ဝေလိုသည့် သတင်းများကို  မီဒီယာအချို့အား အသုံးချ၍ ထုတ်ပြန်ပေးနေသည်ဟု ဆိုသည်။ ဂုဏ်သိက္ခာရှိသော သတင်းဌာနများကို စစ်ကောင်စီက ထုတ်ဝေခွင့်ပိတ်သိမ်းပြီး  ၎င်းတို့အလိုကျ ရေးသားဖော်ပြသည့် လက်တစ်တဆုပ်စာ မီဒီယာများကိုသာ ပြန်လည်ဖြေကြားပေးနေခြင်းသည်  သတင်းလွတ်လပ်ခွင့်ရှိသည်ဟု ‌ပြော၍မရဟု မသန္တာက မှတ်ချက်ပြုသည်။ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ မြေပြင်သတင်းဖြစ်ရပ်များကို စုံစမ်းရေးသားဖော်ပြရန်အတွက်  သတင်းထောက်များအနေဖြင့် သတင်းရင်းမြစ်များအား တွေ့ဆုံမေးမြန်းရန်ခက်ခဲနေခြင်းသည် လူထု၏ သတင်းသိပိုင်ခွင့်ကို တားဆီးပိတ်ပင်ခြင်းဖြစ်သလို  သတင်းမီဒီယာလောကအတွက်လည်း ကြီးမားသည့် ဆုံးရှုံးမှုဟု သူမက ကောက်ချက်ချသည်။ 

မသန္တာ ရှုမြင်သလိုပင်။ စစ်ကောင်စီ၏ အာဘော်အတိုင်း မဖော်ပြသော သတင်းသမားများအပေါ်မှာ အကြမ်းဖက်နှိမ်နင်းသည့်  မူဝါဒကို စစ်‌ခေါင်းဆောင်
က ပြောင်ပြောင်တင်းတင်း ကျင့်သုံးနေသည်ဟု ပြင်သစ်နိုင်ငံအခြေစိုက်နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF)ကထုတ်ပြန်ထားသည်။

စစ်တပ်အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်အခြေအနေဆိုးနေပြီး  ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ အနက် သတင်းလွတ်လပ်ခွင့်အဆင့် ၁၇၃ နေရာတွင် ရှိနေသည်ဟု ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ မေလ ၃ရက်က ထုတ်ပြန်ခဲ့သည့် RSF၏ စစ်တမ်းတွင် ဖော်ပြထားသည်။

ယခင်အရပ်သားအစိုးရလက်ထက်တွင် နေ့စဉ်သတင်းများနှင့် နယ်ပယ်စုံမှ သတင်းဖြစ်ရပ်များကို အင်တိုက်အားတိုက်ဖော်ထုတ်ရေးသားနိုင်ခဲ့သည့် မြန်မာနောင်း၊7Day၊မဇ္ဈိမ၊ DVBနှင့်ခေတ်သစ်အပါအဝင် သတင်းဌာနစုစုပေါင်း ၁၇ခုကိုစစ်ကောင်စီက  ထုတ်ဝေခွင့်လိုင်စင်ပိတ်သိမ်းပစ်ခဲ့သည်။ ထို့အပြင် စစ်အာဏာသိမ်းမှုနှစ်နှစ်ကျော် ကာလအတွင်း သတင်းမီဒီယာသမား၁၅၆ဦးကို စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး အချို့သည် သတ်ဖြတ်ခံခဲ့ရသည်ဟု  မြန်မာသတင်းထောက်များ၏ စာရင်းကို မှတ်တမ်းပြုစုထားသည့် Detained Journalists Information Groupကဖော်ပြသည်။ ဖမ်းဆီးခံရသူများအနက် ၁၀၅ဦးသာပြန်လည်လွတ်မြောက်ခဲ့ပြီး ကျန်သတင်းသမားများ အကျဉ်းချခံထားရဆဲဖြစ်သည်။

" မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လုပ်ငန်းဟာ အန္တရာယ်ကြီးတဲ့ အလုပ်တခုဖြစ်လာနေပြီး ဖမ်းဆီးထောင်ချတာ၊ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံရတဲ့အထိ ကြုံနေရတယ်" ဟု RSF က မှတ်ချက်ပြုထားသည်။

သတင်းမီဒီယာလုပ်ငန်းအပေါ်  တန်ဖိုးထားသည့် မဝတီကတော့ စစ်ကောင်စီ၏ ဖမ်းဆီး၊နှိပ်စက်၊သတ်ဖြတ်ခံခဲ့ရသည့် သတင်းမီဒီယာသမားများအတွက် ဝမ်းနည်းနာကျင်ရသည်ဟု ဆိုသည်။

“သတင်းသမားတွေကို သတ်ဖြတ်နေတာဟာ သတင်းအချက်အလက်တွေကို ဖြတ်တောက်ချင်လို့ ဖြစ်တယ်။ပြည်သူလူထုကို မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ပေးနေတဲ့ သတင်းသမားတွေကို သတ်တာဟာ သတင်းအချက်အလက်တွေကို ဖြတ်တောက်ချင်တာပဲ” ဟု စစ်ကောင်စီ၏  သတင်းအမှောင်ချမှုလုပ်ရပ်များအပေါ် မဝတီက မီးမောင်းထိုးပြသည်။ 

သို့သော်လည်း သတင်းသမားအများစုနှင့် ပြည်သူများမှာ ဓါးမိုးမိုးထားသည့် စစ်အာဏာရှင်လက်အောက်မှာပင် မှန်ကန်သည့်ဘက်က ရပ်တည်နေသည့်အတွက်စစ်ကောင်စီအနေဖြင့် မည်မျှပင်ဖိနှိပ်နေပါစေ သတင်းရေးသားထုတ်လုပ်မှုများသည် ရပ်တန့်သွားမည်မဟုတ်ကြောင်း မဝတီက ယုံကြည်ထားသည်။သတ္တိရှိပြီး သတင်းမီဒီယာလုပ်ငန်းကို အမှန်တကယ်ချစ်မြတ်နိုးသည့် သတင်း‌ထောက်များက ဖမ်းဆီး၊သတ်ဖြတ်ခံရသည့်သတင်းသမားများကိုယ်စား လုပ်နိုင်စွမ်းထက်ပိုကာ သတင်းများဆက်လက်ရေးသားဖော်ထုတ်နေမည်ဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ရှိမှသာ လူ့အခွင့်အရေးကို ပုံဖော်နိုင်မည်ဟု ယုံကြည်လက်ခံထားသည့် မသန္တာနှင့် မဝတီက မြန်မာနိုင်ငံတွင် စစ်အာဏာရှင်‌ လက်အောက်၌ ဆိတ်သုန်းသွားသည့် သတင်းလွတ်လပ်ခွင့်ကို အမြန်ဆုံးပြန်ရချင်ပြီဟု မေလ ၃ရက်က ကျရောက်ခဲ့သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင်  သူမတို့၏ ဆန္ဒကို တခုတ်တရ ထုတ်ပြောရှာသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly