မှော်ဘီမြို့အ၀င် စစ်ဆေးရေးဂိတ် အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရ၊ အထိအခိုက်ရှိဟုဆို 

By ရောင်နီ (မဇ္စျိမ)
04 May 2023
မှော်ဘီမြို့အ၀င် စစ်ဆေးရေးဂိတ် အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရ၊ အထိအခိုက်ရှိဟုဆို 

  ရန်ကုန်တိုင်း၊ မှော်ဘီမြို့အ၀င်ရှိ ကိုးလုံးကွင်းစစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေးဂိတ်ကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ရာ ထိခိုက်မှုရှိခဲ့ကြောင်း မှော်ဘီတော်လှန်ရေးအင်အားစု (Hmawbi Revolution Force-HRF) ထံက သိရသည်။ 

မှော်ဘီမြို့နယ်၊ ကိုးလုံးကွင်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်ကို ယနေ့ မေလ ၄ ရက် နံနက် ၇ နာရီအချိန်ခန့်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

“ဒီနေ့ နံနက်မှာ တိုးဂိတ်အ၀င် စစ်ဆေးရေးဂိတ်က စစ်ခွေး(စစ်ကောင်စီတပ်သား)တွေကို တိုက်ခိုက်တာပါ။ ပင်မတိုးဂိတ် အစောင့်ဖြစ်တဲ့ ၀န်ထမ်းကို တိုက်ခိုက်တာမဟုတ်ပါဘူး။ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်မှုမှာ ပေါက်ကွဲမှုအတွင်း ဂိတ်မှာ စစ်ဆေးနေတဲ့ စစ်ခွေး(စစ်ကောင်စီတပ်သား)တစ်ကောင် နေရာမှာ သေဆုံးသွားပါတယ်။ တခြားထိခိုက်မှုတွေလည်း ရှိပါသေးတယ်“ Hmawbi Revolution Force တပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။ 

ကိုးလုံးကွင်းကျေးရွာရှိ  စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် သတင်းပေးများ စုစုပေါင်း  ၁၀ဦးထက်မနည်း ရှိကြောင်း သိရသည်။ 

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဆိုပါ စစ်ဆေးရေးဂိတ်တွင် ဘန််ကာများ တည်ဆောက်ထားရှိပြီး ဖြတ်သန်းသွားလာသူများကို လက်နက်ပြကာ ခြိမ်းခြောက်စစ်ဆေးမှုများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။ 

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့၀င် တစ်ဦး မိုင်းထိမှန်ကာ နေရာတွင်ပင်သေဆုံးကြောင်း ပြောကြားထားသော်လည်း မဇ္စျိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

“တိုက်ခိုက်မှုပြီးတဲ့နောက် သူတို့ဘက်က အနီးပတ်၀န်းကျင်ကို စစ်ဆေးတာတွေရှိတယ်။ မိုင်းဘယ်အချိန် လာထောင်သလဲဆိုတာမျိုး လိုက်စုံစမ်းနေတာပါ။ ပေါက်ကွဲမှုဖြစ်တဲ့ စစ်ဆေးရေးဂိတ်နဲ့ ကိုက် ၁၀၀ အကွာမှာရှိတဲ့ ကိုးလုံးကွင်း ဘုန်းကြီးကျောင်းထဲကိုလည်း ၀င်ရောက်စစ်ဆေးတာတွေရှိခဲ့ပါတယ်” ဟု HRF တပ်ဖွဲ့ တာ၀န်ရှိသူက ပြောသည်။ 

စစ်ကောင်စီတပ်ဖွဲ့က ထိုသို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ ဖမ်းဆီးခံရခြင်းမရှိဘဲ လက်ရှိအချိန်တွင် လုံခြုံသည့်နေရာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ 

“မှော်ဘီမှာက တပ်ပေါင်းစုံတည်ရှိပြီး လုံခြုံရေးတင်းကျပ်တာကြောင့် တိုက်ခိုက်မှုတွေ လုပ်ဆောင်ရတာ အလွန်ခက်ပါတယ်။ ကျဥ်းမြောင်းတဲ့ လုံခြုံမှုနဲ့သာ နောက်တစ်ကြိမ် ကြိုးစားရှင်သန်ရပါတယ်။ နောက်ထပ်လည်း တိုက်ပွဲတွေ ဖော်ဆောင်မှာပါ” ဟု HRF တပ်ဖွဲ့ တာ၀န်ရှိသူက ဆိုသည်။ 

ရန်ကုန်မြောက်ပိုင်းခရိုင်တွင် ပါ၀င်သည့် မှော်ဘီမြို့နယ်တွင် စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲဲ့များစွာ တည်ရှိကာ  မြို့နယ်အတွင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေးကို တင်းကျပ်ထားပြီး စစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများထံက သိရသည်။ 

အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားသည့် မှော်ဘီတော်လှန်ရေးအင်အားစု (Hmawbi Revolution Force-HRF) အနေဖြင့်  မှော်ဘီမြို့နယ်အတွင်း ပြည်သူများ ထိတ်လန့်ကြောက်ရွံ့မှုနှင့် အထိအခိုက်မရှိစေမည့် တိုက်ခိုက်မှုများကို  ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

စာတည်း။     ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required