မလေးရှားတွင် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ၂၀ ဦး ဖမ်းဆီးခံရ

မလေးရှားတွင် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ၂၀ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ကီလန်တန်ပြည်နယ် ကိုတာဘာရူးမြို့ ကမ်ပေါင်လန်ဒန်း အရပ်တွင် မေလ ၃ ရက်က တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၂၀ ဦးနှင့် ၎င်းတို့ကို “လူမှောင်ခိုကူး၊ ခေါ်ယူပို့ဆောင်ပေးသူများ”အဖြစ် သံသယရှိသည့် မလေးရှားနိုင်ငံသား အမျိုးသားသုံးဦးတို့ကို မလေးရှားတော်ဝင်ရဲတပ်ဖွဲ့၏ အထွေထွေ စစ်ဆင်ရေးတပ်ဖွဲ့ GOF က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

လူမှောင်ခိုကူးသူများဟု သံသယရှိသူများနှင့် တရားမဝင် မြန်မာရွှေ့ပြောင်းများကို အဆိုပါနေ့ မနက် ၁၂ နာရီ ခွဲခန်းက ၎င်းတို့၏ ကားများတွင် တွေ့ရှိဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ကီလန်တန်ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ ဒါတွတ် မိုဟာမက် ဇာကီ ဟာရမ်က ပြောသည်။
“GOF တပ်ရင်း ၈ က Toyota Alphard ၊ Proton Persona နဲ့ Honda Accord ကားသုံးစီးကို စစ်ဆေးခဲ့တာဖြစ်တယ်”

“အဲဒီအခါမှာ ကားတွေထဲမှာ မလေးရှားအမျိုးသား သုံးယောက်နဲ့အတူ မြန်မာအမျိုးသား ၁၆ ယောက်နဲ့ မြန်မာအမျိုးသမီး လေးယောက်တို့ကို တွေ့ခဲ့တယ်။ နိုင်ငံခြားသားတွေမှာ တရားဝင်ခိုင်လုံတဲ့ သက်သေခံ အထောက်အထားတွေ မရှိတဲ့အတွက် သူတို့ကိုပါ ဖမ်းဆီးခဲ့တာဖြစ်တယ်” ဟု ၎င်းက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

ကနဦး စုံစမ်းစစ်ဆေးမှုများအရ မလေးရှား အမျိုးသားသုံးဦးသည် ရွှေ့ပြောင်းသွားလာသူများကို တရားမဝင် မှောင်ခိုကူးမှုနှင့် တရားမဝင် သွားလာသူများကို သယ်ယူပို့ဆောင်ပေးမှုတွင် ပါဝင်ပတ်သက်သူများဖြစ်ကြောင်း တွေ့ရှိထားသည်ဟု မိုဟာမက် ဇာကီက ပြောသည်။
“သူတို့ဟာ ရွှေ့ပြောင်းတွေကို ခေါ်ယူပို့ဆောင်ပေးမှုအတွက် တစ်ယောက်ကို ရင်းဂစ် ၁၅၀ နှုန်း အခကြေးငွေ တောင်းခဲ့ကြပါတယ်”

“ခုကတော့ မလေးရှားနိုင်ငံသား သံသယရှိသူတွေကို လုံခြုံရေး ပြစ်မှုများ (အထူးစီမံချက်များ) အက်ဥပဒေ ၂၀၁၂ အောက်မှာ ထိန်းသိမ်းထားသလို မြန်မာ ၂၀ ယောက်ကိုတော့ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအောက်မှာ ထိန်းသိမ်းထားပါတယ်” ဟု ၎င်းက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly