Adani ကုမ္ပဏီက မြန်မာစစ်အုပ်စုနှင့် အဆက်ဖြတ်မည်ဟု ပြောသော်လည်း ကျောက်မီးသွေးဆိုင်ရာ အကျိုးတူပူးပေါင်းလုပ်ကိုင်ရန် အဆိုပြုခဲ့

Adani ကုမ္ပဏီက မြန်မာစစ်အုပ်စုနှင့် အဆက်ဖြတ်မည်ဟု ပြောသော်လည်း ကျောက်မီးသွေးဆိုင်ရာ အကျိုးတူပူးပေါင်းလုပ်ကိုင်ရန် အဆိုပြုခဲ့

ကမ္ဘာလုံးဆိုင်ရာ အရင်းအမြစ် ကုမ္ပဏီလုပ်ငန်းအုပ်စုဖြစ်သည့် Adani က မြန်မာတွင် သွေးထွက်သံယိုများသော စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံမှ ပြန်ထွက်ခွာမည်ဟု လူသိရှင်ကြား ထုတ်ဖော်ခဲ့သည့် တစ်ချိန်တည်းမှာပင် ယင်းကုမ္ပဏီသည် မြန်မာ၌ ကျောက်မီးသွေးတူးဖော်မှု စီမံကိန်းများ ဖော်ဆောင်ရန် ကြိုးပမ်းခဲ့ကြောင်း ပေါက်ကြားလာသည့် စာရွက်စာတမ်းများက ပြသသည်။

၂၀၂၁ ၊ ဖေဖေါ်ဝါရီလက ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံအစိုးရတစ်ရပ်ထံမှ မတရား အာဏာသိမ်းယူခဲ့သည့် အာဏာသိမ်းစစ်အုပ်စုနှင့် စီးပွားရေးဆက်ဆံပတ်သက်မှုများ ဖြတ်တောက်ရေး နိုင်ငံတကာ၏ ဖိအားပေးမှုကြောင့် Adani သည် ထိုနှစ်ကုန်ပိုင်းတွင် ရန်ကုန်ရှိ ယင်း၏ ကွန်တိန်နာဆိပ်ကမ်း ရင်းနှီးမြှုပ်နှံမှုမှ ထွက်ခွာမည်ဟု ကြေညာခဲ့သည်။

သို့သော် မြန်မာ လူ့အခွင့်အရေးအဖွဲ့တစ်ခုက ရရှိပြီး ABC Investigations နှင့် ဝေမျှခဲ့သည့် ပြင်ပ ပေါက်ကြားလာသော စာရွက်စာတမ်းများအရ Adani သည် ဆိပ်ကမ်းစီမံကိန်းမှ ပြန်ထွက်မည်ဟု ထုတ်ဖော်ခဲ့သည့် တစ်နေ့တည်းမှာပင် မြန်မာမှ ကျောက်မီးသွေးကို ပြည်ပသို့ တင်ပို့ရန် “စိတ်ဝင်စားကြောင်း အဆိုပြုလွှာ” တစ်စောင်ကို စစ်အုပ်စုထံ တင်သွင်းခဲ့ကြောင်း သိရသည်။ ယင်းသည် လူမဆန်ရက်စက်သည့် စစ်အုပ်စုကို ကူညီငွေကြေးပံ့ပိုးပေးရာရောက်မည့် အဆိုပြုမှုလည်း ဖြစ်သည်။

ထို့ပြင် Adani group အနေဖြင့် မြန်မာစစ်အုပ်စုနှင့် ဆက်စပ် လျှပ်စစ်ဓာတ်အား ထောက်ပံ့မှု သဘောတူညီချက်တစ်ခုနှင့်ပတ်သက်၍လည်း ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း Adani အမှုဆောင်တစ်ဦးက အမေရိကန်ဒဏ်ခတ်ပိတ်ဆို့ခံ မြန်မာစစ်ကောင်စီ ဝန်ကြီးတစ်ဦးထံ ပေးစာထဲတွင် ပြောခဲ့သည်။

“မြန်မာရဲ့ လျှပ်စစ်ဓာတ်အား ကဏ္ဍ နဲ့ ကျောက်မီးသွေး ထုတ်လုပ်၊ တူးဖော်မှု လုပ်ငန်းတွေ ဖော်ဆောင်ရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ မိမိတို့ စိတ်အားထက်သန်နေပါတယ်” ဟု Adani Power ၏ ပူးတွဲဥက္ကဋ္ဌ ဒီဝါကက်ရှ် ရှားမားက ပြောသည်။

ထို့ပြင် လက်ရှိအချိန်တွင် စစ်အုပ်စု၏ လူမဆန် ရက်စက်သော လုပ်ရပ်များ ကျူးလွန်ရာ အဓိကဒေသတစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်းမှ ကျောက်မီးသွေးဆိုင်ရာ အလားအလာများနှင့်စပ်လျဉ်း၍ “သက်ဆိုင်ရာ အဖွဲ့အစည်းများ” ထံမှ အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍လည်း ၎င်းက စစ်အုပ်စုထံ တင်ပြတောင်းခံခဲ့သည်။

အာဏာသိမ်းပြီးနောက် စစ်အုပ်စု၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များသည် ခန့်မှန်းခြေအားဖြင့် အရပ်သားပြည်သူ ၃,၀၀၀ ကျော်ကို သတ်ဖြတ်ထားခဲ့ပြီး အများအပြားမှာ စစ်ကိုင်းတိုင်းမှ ပြည်သူများဖြစ်ကာ အဆိုပါစစ်ကိုင်းတိုင်းတွင် စစ်အုပ်စု ကျူးလွန်ထားသော လေကြောင်းတိုက်ခိုက်မှုများ၊ မီးရှို့မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် လက်တန်း သတ်ဖြတ်မှုများက စစ်ရာဇဝတ်မှုများ မြောက်ကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူများက ပြောသည်။

ဩစတြေးလျ၏ Woodside Energy အပါအဝင် အခြားသော အရင်းအမြစ် ကုမ္ပဏီကြီးများသည် မြန်မာတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရှိ လုပ်ငန်းများကို ရပ်ဆိုင်းကာ ယင်းနောက် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို စွန့်လွှတ်ရုပ်သိမ်းထားခဲ့ကြသည်။

Adani ၏ ကျောက်မီးသွေး အဆိုပြုချက်ကို တင်သွင်းခဲ့သည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သော ဦးဆန်းထွန်းအောင်က ပြောကြားရာတွင် စစ်အာဏာသိမ်းပြီးနောက် Adani သည် သတ္တုမိုင်းတွင်းများ ဖော်ဆောင်မှုနှင့်ပတ်သက်ပြီး စစ်ကိုင်းမှ ကျောက်မီးသွေးသိုက်များ၏ ပုဂ္ဂလိကပိုင်ဆိုင်သူများနှင့် ဆွေးနွေးခဲ့သည်ဟု ပြောသည်။

“Adani က နည်းပညာ အကူအညီ ပံ့ပိုးပေးသွားမယ်၊ အဲဒီနောက် ကျောက်မီးသွေး တူးဖော်မှုကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်မလဲ ဆိုတာကို ထောက်ပံ့ပေးမယ်၊ အဲဒီပြီးရင်တော့ ရန်ကုန်နိုင်ငံတကာဆိပ်ကမ်းကို သယ်မယ်ပေါ့” ဟု ၎င်းက ABC Investigations ကို ပြောသည်။
“အဲဒီနောက် ကျွန်တော်တို့က ပြည်ပသို့ တင်ပို့မယ်ပေါ့”

သို့သော် စစ်အုပ်စုသည် သတ္တုကုမ္ပဏီ၏ အဆိုပြုချက်ကို လက်မခံခဲ့ဟု မစ္စတာ အောင်က ပြောသည်။

“အဲဒီအချိန်မှာ သူတို့က ဒါကို ခွင့်ပြုပေးလိုတဲ့ ဆန္ဒမရှိခဲ့ဘူး” ဟု ၎င်းက ပြောသည်။

“ခုချိန်မှာတော့ မိမိတို့ဟာ နိုင်ငံတကာ ဖိအားကို ကြောက်နေရတယ်။ Adani က ကြီးမားတဲ့ ကုမ္ပဏီတစ်ခုဖြစ်တယ်။ သူတို့ မြန်မာမှာ တစ်ခုခုလုပ်ရင် ဈေးကွက်မှာ သူတို့ ထိခိုက်မှုတွေ ခံစားရမယ်။ ဒါကြောင့် သူတို့ဟာ ပရောဂျက်ကို အပြီးသတ်ဖို့ စိုးရိမ်ထိတ်လန့်နေတယ်လို့ သူတို့ပြောတယ်”

ထို့ပြင် အိန္ဒိယ ဓာတ်အားပေးစက်ရုံများထံမှ လျှပ်စစ် ထောက်ပံ့ ပံ့ပိုးမည့် အဆိုပြု သဘောတူညီချက်တစ်ရပ်နှင့်ပတ်သက်ပြီး စစ်အုပ်စုနှင့် Adani Transmission အကြား ဆွေးနွေးညှိနှိုင်းမှုများတွင် ၎င်းအနေဖြင့် ပါဝင်ခဲ့သေးကြောင်း မစ္စတာ အောင်က ပြောသည်။

သို့သော် နယ်စပ်မှတစ်ဆင့် ရန်ကုန်ထိ ဖြန့်ဖြူးပို့လွှတ်ရေးလိုင်းသစ်တစ်ခု တည်ဆောက်ရန် လိုအပ်ခဲ့ကြောင်းနှင့် ယင်းက အကုန်အကျ အလွန်များပြားမည် ဖြစ်ပြီး လုံခြုံရေးပြဿနာများကို ထပ်ပေါင်းဖြစ်စေမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပေါက်ကြားလာသော Adani စာရွက်စာတမ်းများကို Justice for Myanmar က ရခဲ့ခြင်း ဖြစ်သည်။

မြန်မာ၏ ကျောက်မီးသွေး သို့မဟုတ် ဓာတ်အားလိုင်း အဆိုပြုချက်များနှင့်ပတ်သက်ပြီး ABC ၏ မေးမြန်းမှုကို Adani group ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တိုက်ရိုက် ဖြေကြားခဲ့ခြင်း မရှိပေ။

Adani Power နှင့် Adani Transmission တို့သည် မြန်မာတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်း မရှိဘဲ ထိုသို့ လုပ်ရန် စိတ်မဝင်စားကြောင်း ၎င်းက ပြောသည်။

“ABC ဒါမှမဟုတ် အခြားတစ်ခုခုရဲ့ ပြောကြားချက်တွေ ဒါမှမဟုတ် ကောလာလဟတွေက အခြေအမြစ်မရှိသလို မမှန်ကန်ပါဘူး” ဟု ၎င်းက ပြောသည်။

သို့သော် စစ်အုပ်စုနှင့်ပတ်သက်ပြီး Adani ၏ ပြောဆိုချက်များအပေါ် သံသယဖြစ်စေသည့် အခြားသော ဖော်ထုတ်တွေ့ရှိမှုအဖြစ် ပေါက်ကြားလာသော စာရွက်စာတမ်းများအရ Adani သည် ရန်ကုန်နိုင်ငံတကာဆိပ်ကမ်းတွင် ဒေါ်လာသန်းချီ ထည့်ဝင်ထားပြီး ဒဏ်ခတ်ပိတ်ဆို့ခံ စစ်အုပ်စုခေါင်းဆောင်များနှင့် ဆက်လက် ဆက်ဆံပတ်သက်နေခဲ့ကြောင်းကို ပြသနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly