ဖာပွန်ခရိုင်ရှိ တပ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားနှင့် BGF ၇ ဦး သေဆုံး၊ လက်နက်များရ

By YT (မဇ္ဈိမ)
04 May 2023
ဖာပွန်ခရိုင်ရှိ တပ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားနှင့် BGF ၇ ဦး သေဆုံး၊ လက်နက်များရ
ဓာတ်ပုံံ- ဝါ့သိုးခို့စခန်းမှာ သိမ်းဆည်းရမိခဲ့‌ေသာ လက်နက်များ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်နှင့် ကမမောင်းမြို့အကြားရှိ စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) တို့ ပူးပေါင်းအထိုင်ချနေသော ဝါ့သိုးခို့စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့် BGF ခုနစ်ဦး သေဆုံးပြီး လက်နက်များ သိမ်းဆည်ရရှိခဲ့ကြောင်း KNLA နှင့် နီးစပ်သော သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

အဆိုပါ ဝါ့သိုးခို့စခန်းအား မေလ ၂ ရက်နေ့ ၊ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် KNLA တပ်မဟာ (၅) တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်း ဝါ့သိုးခို့စခန်း တိုက်ပွဲတွင်  KNLA ဘက်ကလည်း တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း KNLA နှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။

"၂ ရက်နေ့၊ ညနေပိုင်းက သွားတိုက်ခဲ့တာဖြစ်တယ်။  အကျအဆုံးက KNLA ဘက်က တစ်ယောက်ကျပါတယ်။  အသက် ၁၈ နှစ်အရွယ်ပါ။ သူတို့ဘက်ကတော့ ခုနစ်ယောက်ကျတယ်။ လေးယောက်ဒဏ်ရာ ရပါတယ်" ဟု KNU သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ဝါးသိုးခို့စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ မဟာမိတ်တပ်ဖြစ်သော BGF တို့ထံမှ လက်နက်များ၊ ဆက်စပ်အစ္စည်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း အထက်ပါ KNU သတင်းရင်းမြစ်က ပြောသည်။

သို့သော်လည်း သိမ်းဆည်းရမိခဲ့သော လက်နက်၊ ဆက်စပ်ပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်းများစာရင်းနှင့် အမျိုးအမည်ကို လောလောဆယ်မှာ တိတိကျကျ မသိရသေးပေ။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းကလည်း KNLA တပ်မဟာ (၁) သထုံခရိုင်နှင့် တပ်မဟာ (၅) ဖာပွန်ခရိုင်ကြားရှိ မယ်စိထာစစ်ကောင်စီ ဂိတ်စခန်းအား KNLA ပူးပေါင်းတပ်ဖွဲ့မှ နာရီဝက်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။

ထိုမယ်စိထာစခန်းသိမ်း တိုက်ပွဲအတွင်း အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး ကိုးဦး ထွက်ပြေးလွတ်မြောက်သွားကာ ပစ္စတို MA 5 တစ်လက်၊ K3 79 တစ်လက်၊ K3 သုံးလက်နှင့် ဆက်စပ်ပစ္စည်းများကို KNLA က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly