အစိုးရသစ်လက်ထက် ဖားကန့်ဒေသ ကျောက်မျက်ကုမ္ပဏီများ ပိတ်သိမ်းပေးရန် တောင်းဆို

အစိုးရသစ်လက်ထက် ဖားကန့်ဒေသ ကျောက်မျက်ကုမ္ပဏီများ ပိတ်သိမ်းပေးရန် တောင်းဆို

 ရန်ကုန် ၊ မတ် ၂၅ ။          ။ လာမည့် အစိုးရသစ်လက်ထက်တွင် ဖားကန့်ဒေသရှိ ကျောက်မျက်တူးဖော်နေသော ကုမ္ပဏီများအား လုံးဝပိတ်သိမ်းပေးရန် ယနေ့ အင်းယာလိတ်ဟိုတယ်တွင် ကျင်းပသော စက်ယန္တရားများအောက်က အသက်ငင်နေသောဖားကန့် ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ကချင်အမျိုးသား လူမှုဖွံ့ဖြိုး ရေးဖောင်ဒေးရှင်းအဖွဲ့က ပြောကြားခဲ့သည်။

ဖားကန့်ဒေသသည် အင်မတန် ထိလွယ်ရှလွယ်သော ဒေသဖြစ်ပြီး အချိန်မရွေး ပဋိပက္ခဖြစ်နိုင်သည့် ဒေသဖြစ်သောကြောင့် ဖားကန့်ဒေသတွင်ရှိသော ကုမ္ပဏီများ လုံးဝပိတ်သိမ်းပေးရန် အစိုးရသစ်ကို တောင်းဆိုလိုကြောင်း ဒေသခံခေါင်းဆောင် ဖြစ်သူ ဦးလမောင် လတောင်က ဆိုသည်။

''အစိုးရသစ်ကိုတောင်းဆိုချင်တာက တိုင်းပြည်အကျိုး ဒေသခံတွေရဲ့အကျိုး ရရှိလာနိုင်တဲ့ အခြေ အနေရှိလာတဲ့ နေ့မှာမှ ပြန်လည် ထုတ်လုပ်ခွင့်ပေးဖို့တောင်းဆိုပါတယ်။ လွတ်လပ်တဲ့ စုံစမ်းစစ် ဆေးရေး ကော်မတီတစ်ရပ်ဖွဲ့စည်းပေးဖို့တောင်းဆိုပါတယ်။ ကုမ္ပဏီတွေကိုစစ်ဆေးပေးဖို့ပါ။ တကယ်လို့ အစိုးသစ်အနေနဲ့ စုံစမ်းစစ်ဆေးရေးကော်မတီ မဖွဲ့ပေးဘူးဆိုရင် ကျွန်တော်တို့ ဒေသခံတွေ အနေနဲ့ စုဖွဲ့ပြီး စစ်ဆေးသွားမှာဖြစ်ပါတယ်။ ဥပဒေ တတ်သိနားလည်တဲ့ သူတွေ ခေါ်ပြီး ဖွဲ့စည်းသွား မှာဖြစ်ပါတယ်။'' ဟု၎င်းက ပြောသည်။

ပြည်သူ့အကျိုးပြု သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာမူဝါဒများ၊ ဥပဒေများ၊ အုပ်ချုပ်ရေးယန္တရားများ၊ လုပ်ထုံးလုပ်နည်းများ အမြန်ဆုံးပေါ်ထွက်လာအောင်ဆောင်ရွက်ပေးရန်နှင့် လုပ်ထုံးလုပ်နည်းများ မထွက်သေးသရွှေ့ ကျောက်စိမ်းတူးဖော်မှု စီမံကိန်းများ လုံးဝရပ်တန့်ထားရန်၊ အသက်အိုးအိမ် ပျက်စီး ဆုံးရှုံးမှုများအတွက် ကျူးလွန်သည့် ကုမ္ပဏီများအား အမြန်ဆုံး ထိရောက်စွာပြင်းပြင်းထန်ထန် အရေးယူပေးပါရန် အရပ်ဖက်လူမှုအဖွဲ့အစည်းများက မတ်လ ၁၉ ရက်နေ့တွင် ဖားကန့်ဒေသ သယံဇာတ ကျောက်စိမ်းတူးဖော်မှုထုတ်လုပ်မှုဆိုင်ရာ သဘောထား ထုတ်ပြန်ချက် ကြေညာခဲ့ သေးသည်။

ဖားကန့်ဒေသသို့ သွားရောက်လေ့လာခဲ့သည့် မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (MATA) မှ ဦးရဲသိမ်းမင်းက နောက်တက်လာမည့် အစိုးရသည် နိုင်ငံ၏ အခွန်ဘဏ္ဍာကို ရှာဖွေပေးရသကဲ့သို့ နိုင်ငံသားများကို ဓနခွဲဝေမှုညီမျှအောင် ဆောင်ရွက်ရပါမည်ဖြစ်ကြောင်း လူများစုက အင်မတန် ဆင်းရဲဒုက္ခရောက်ပြီး လူနည်းစုသာ အကျိုးရှိစေတာမျိုးမဖြစ်ရကြောင်း ပြောဆိုသည်။

ဖားကန့်မြို့နယ်၊ ကရင်ချောင်တွင် ကျောက်စိမ်းတူးဖော်နေသော ကုမ္ပဏီကြီးတစ်ခု၏ တာဝန်ခံက ဖားကန့်မြို့နယ်အတွင်း ရေမဆေးအလုပ်သမား တစ်သိန်းကျော်ရှိလျှင် ၎င်းတို့ကို မှီခိုနေသော မိသားစုဝင် သုံးသိန်းကျော်ရှိနိုင်ပြီး ဖားကန့်ဒေသ ကုမ္ပဏီလုပ်ကွက်များ ပိတ်သိမ်းခဲ့လျှင် ၎င်းတို့ကို အလုပ်အကိုင်ရှာပေးသင့်ကြောင်း၊ လောလောဆယ် မပိတ်သိမ်းသင့်ပေမယ့် စည်းကမ်း ဥပဒေနှင့် ထိန်းသိမ်း လုပ်ဆောင်သင့်ကြောင်း၊ အစိုးရက အောက်ခြေဆင်း မလေ့လာဘဲ ဆုံးဖြတ်ချက်အမှား ပြုလုပ်မိမှာစိုးကြောင်း၊ ရေမဆေးသမား၊ ကုမ္ပဏီဝန်ထမ်းများ အဆင်မပြေလျှင်ရာဇဝတ်မှု ထူပြော လာနိုင်ကြောင်း ထောက်ပြသည်။

ဦးလမောင် လတောင်က ဒေသခံများ တစ်ခုခုတောင်းဆိုလိုက်ပါက  ပထမဆုံ ရောက်လာသည်မှာ  တပ်မမှူးများ၊ ဗျူဟာမှူးများ ဖြစ်ပြီး ကုမ္ပဏီဘက်က ရပ်တည်ကာ မသိနားမလည်သော ဥပဒေများနှင့် ကိုင်ပေါက်ကာ ဖြဲခြောက်သည်ဟု ဆိုသည်။

'' ပြီးခဲ့တဲ့လတုန်းက ကားအဝင် စာရင်းတွေ စစ်ဆေးဖို့လာကြပါတယ်။ ဒါပေမယ့်ပွင့်လင်းမြင်သာ မှုမရှိပါဘူး။ သူတို့ရောက်လာတာနဲ့ ပထမဆုံး ကုမ္ပဏီတာဝန်ခံနဲ့ အရင်ညှိနှိုင်းပါတယ်။နားလည်မှုယူပြီး ကားအစီးရေဘယ်လောက်၊ ဘယ်မှာဖွက်ထားတယ် အားလုံးသိပါတယ်။ လာစစ်ဆေးတဲ့သူတွေက နောက်ဆုံး အထုတ်ပိုက်ပြီး ပြန်သွားတယ်။ နောက်ဆုံးတောင်းဆိုလိုတာက   ဒေသခံတွေနဲ့   မြန်မာနိုင်ငံကို ဘာမှအကျိုးမပေးတဲ့ ကုမ္ပဏီတွေကို ပိတ်ပင်တားဆီးပေးပါ။'' ဟု ဦးလမောင် လတောင် ကပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly