မြိုင်မြို့နယ်တွင် ပျူစောထီးဆိုသူများကို မိုင်းဆွဲတိုက်ခိုက် ၂ ဦးသေဆုံး

By MTO(မဇ္ဈိမ)
04 May 2023
မြိုင်မြို့နယ်တွင် ပျူစောထီးဆိုသူများကို မိုင်းဆွဲတိုက်ခိုက် ၂ ဦးသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ သရက်ကန်ရွာ နှင့် စိုကန်တိုက်ရွာ အကြားတွင် ပျူစောထီးအဖွဲ့ ဝင်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦး သေဆုံးသွားကြောင်း မြိုင် (ပကဖ) အဖွဲ့ ခေါင်းဆောင် ဗိုလ်လက်ယာက ပြောသည်။

“သရက်ကန်(ပျူစောထီးဆိုသူအများစု နေထိုင်သည့်ရွာ)ကနေ ထွက်တာက တပ်ကြပ်တစ်ကောင်နဲ့ ပျူ နှစ်ယောက်နဲ့ထွက်လာတာ အဲ့အနီးအနားမှာ မိုင်းဆွဲလိုက်တာ နှစ်ယောက်က ပွဲချင်းပြီးသေတယ်။ ပျူတစ်ယောက် ကတော့ ကိုင်းတောမဘက် တိုက်နယ်ကဆေးရုံကို ပို့ထားတယ်” ဟု ၎င်းကပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် သေဆုံးသွားသည့် တပ်ကြပ်နှင့် ပျူစောထီးဆိုသူတို့၏ ရုပ်အလောင်း များအား လာကောက်သူများကိုလည်း ဒရုန်းဖြင့် အီနာဂါဗုံးသီးချကာ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်လက်ယာက ဆိုသည်။

“မနက် ၆ နာရီလောက် အလောင်းလာကောက်တဲ့အချိန်မှာ အီနာဂါ သုံးလုံး နဲ့ ထပ်ချလိုက်သေးတယ် ဒဏ်ရာ ရတယ်လို့တော့ကြားတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ သည် မြိုင်မြို့နယ်အတွင်း  စစ်ကြောင်းထိုးခြင်းများနှင့် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာကြောင်း ဗိုလ်လက်ယာက ပြောသည်။

“လေကြောင်းတိုက်ခိုက်မှုတွေက ပိုလုပ်လာတယ် အောက်မှာ စစ်ကြောင်းနဲ့ ထိတွေ့ မှု ဖြစ်လို့ ၁၀ မိနစ် ၁၅ မိနစ်လောက်ဆိုရင် လေကြောင်းက တန်းရောက်လာတော့တာပဲ “ ဟု ၎င်းက ပြောသည်။

ယခုနောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းများသည် ညအချိန်များ၌ ကျေးရွာများကို စစ်ကြောင်း ထိုးဝင်ရောက်မှုများ ပိုမိုလုပ်ဆောင်လာသည့်အတွက် ပြည်သူများအနေဖြင့်လည်း ဒေသကာကွယ်ရေတပ်ဖွဲ့များ၏ ညွှန်ကြားချက်များကို လိုက်နာပေးကြပါရန်လည်း ဗိုလ်လက်ယာက တောင်းဆိုထားသည်။

“စစ်ကြောင်းက အရင်တုန်းကလို ဗြောင်မထိုးတော့ဘူး  ညဆိုရင် စစ်ကြောင်း အပျောက် နဲ့ထိုးတယ် အဲ့တော့ ပြည်သူတွေအနေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောတဲ့ ဟာတွေကို လိုက်နာကြပါ” ဟု ၎င်းကပြောသည်။

ယခုတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁)တပ်ခွဲ (၁)၊ တပ်ခွဲ (၂) ၊ TYK ပြောက်ကျားတပ်ဖွဲ့ နှင့် ပြည်သူ့အားမာန်တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly