သတင်းလွတ်လပ်ခွင့် ကျဆင်းနေပြီး သတင်းသမားများ ပစ်မှတ်ထားခံနေရဟု ကုလသမဂ္ဂ သတိပေး

By Myint Lwin
03 May 2023
သတင်းလွတ်လပ်ခွင့် ကျဆင်းနေပြီး သတင်းသမားများ ပစ်မှတ်ထားခံနေရဟု ကုလသမဂ္ဂ သတိပေး

ကမ္ဘာ့နေရာတိုင်းတွင် သတင်းသမားများ နှောင့်ယှက်ခံရခြင်း၊ ထောင်ချခံရခြင်းနှင့် သတ်ဖြတ်ခံရခြင်းများဖြင့် သတင်းလွတ်လပ်ခွင့်မှာ တိုက်ခိုက်မှုအောက် ကျရောက်လျက်ရှိသည်ဟု ကုလသမဂ္ဂ တာဝန်ရှိသူများနှင့် မီဒီယာများက အင်္ဂါနေ့တွင် သတိပေးပြောဆိုကြသည်။

ဗုဒ္ဓဟူးနေ့တွင် ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အကြို၌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်က ကမ္ဘာတစ်လွှားမှ သတင်းသမားများနှင့် မီဒီယာများအတွက် ဆော်ဩပြောဆိုလာခဲ့သည်။

“ကျွန်တော်တို့တွေရဲ့ လွတ်လပ်ခွင့်အားလုံးဟာ သတင်းလွတ်လပ်ခွင့်ပေါ်မှာ တည်မှီနေတယ်”ဟု ၎င်းက အွန်လိုင်းဗီဒီယိုမှတစ်ဆင့် သတင်းစကားပါးပြီး သတင်းလွတ်လပ်ခွင့်သည် “ဒီမိုကရေစီနှင့် တရားမျှတမှုအတွက် အခြေခံအုတ်မြစ်” ဖြစ်ပြီး “လူ့အခွင့်အရေး၏ အသက်သွေးကြော” ဖြစ်သည်ဟု ပြောဆိုသည်။

“ဒါပေမဲ့ ကမ္ဘာ့နေရာတိုင်းမှာ သတင်းလွတ်လပ်ခွင့်က တိုက်ခိုက်ခံနေရတယ်”ဟု ဂူတာရပ်စ်က နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်၌ မိန့်ခွန်းပြောရာတွင် ထပ်လောင်းပြောဆိုသည်။

ထို ပြဿနာကို မီးမောင်းထိုးလျက် ယူနက်စကိုက ၂၀၂၃ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်မှုဆုအား ထောင်ချခံထားရသည့် အီရန်အမျိုးသမီး သုံးဦး၊ ဂျာနယ်လစ်နှစ်ဦးနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှား တစ်ဦးတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ဂူတာရပ်စ်အနေဖြင့် နိုင်ငံများအား အမည်တပ်ကာ အပြစ်ဆိုခြင်း မပြုသော်လည်း ရုရှတွင် သူလျှိုမှုဖြင့် စွပ်စွဲခံရသည်ကို ငြင်းဆန်ထားသည့် ထောင်ချခံ Wall Street Journal သတင်းထောက် အီဗန် ဂါရှကိုဗစ်ကဲ့သို့ သီးခြားကိစ္စရပ်များကို အခြား တာဝန်ရှိသူများက မီးမောင်းထိုး ပြောဆိုသည်။

“သတင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်တာ၊ အီဗန် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်တာဟာ အားလုံးရဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်တာပဲ ဖြစ်တယ်”ဟု Wall Street Journal ထုတ်ဝေသူ အယ်လ်မာ လာတာဝါက ဖိုရမ်တွင် ပြောဆိုသည်။

ဂါရှကိုဗစ်အား စွဲဆိုချက်များသည် အခြေအမြစ် မရှိကြောင်း သတင်းအဖွဲ့အစည်း ဒါဇင်များစွာက ရှုတ်ချထားပြီး အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်က ၎င်းအား ထောင်ချထားခြင်းသည် “လုံးလုံး တရားလက်မဲ့” ဖြစ်သည်ဟု ပြောဆိုထားသည်။

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly