ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်အလွန်၌ သတင်းသမားများကို ကုလသမဂ္ဂကကူညီနိုင်ဟု CPJ ညွှန်ကြားရေးမှူး ပြော

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်အလွန်၌ သတင်းသမားများကို ကုလသမဂ္ဂကကူညီနိုင်ဟု CPJ ညွှန်ကြားရေးမှူး ပြော
ဝါရှင်တန်အတွက် သူလျှိုလုပ်သည်ဟု သံသယဖြင့် ရုရှားတွင် ထိန်းသိမ်းခံထားရသည့် Wall Street Journal သတင်းထောက် Evan Gershkovich ကို မော်စကိုရှိ Lefortovsky တရားရုံးရှေ့တွင် မတ်လ 30 ရက်၊ 2023 ခုနှစ် တွင် တွေ့ရစဉ် : (ဓါတ်ပုံ− AFP)

(အောက်ဖော်ပြချက်တွင် သတင်းသမားများကာကွယ်ပေးရေး ကော်မတီ CPJ အထူးစီမံကိန်းညွှန်ကြားရေးမှူးက ကမ္ဘာတစ်လွှားက ဂျာနယ်လစ်များရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို လေ့လာသုံးသပ်ထားပြီးတရုတ်၊ ရုရှနှင့်မြန်မာကဲ့သို့သော နိုင်ငံများမှ အခက်အခဲများကိုထင်ဟပ်ပြထားသည်။ ယခုသုံးသပ်ချက်သည် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ မတိုင်မီ မေ ၁ရက်က ဖော်ပြခဲ့ခြင်း ဖြစ်သည်။)

အီဗန်ဂါရှကိုဗစ်နှင့် ဂျင်မီလိုင်းတို့သည် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ကို သံတိုင်များနောက်ကွယ်တွင် ကုန်ဆုံးရတော့မည် ဖြစ်သည်။

Wall Street ဂျာနယ်မှမော်စကိုသတင်းထောက် ဂါရှကိုဗစ်နှင့် ဒီမိုကရေစီထောက်ခံသော ဟောင်ကောင်မီဒီယာလုပ်ငန်းရှင် လိုင်းတို့သည် ကုလသမဂ္ဂကနယူးယောက်၌ မီဒီယာလွတ်လပ်ခွင့်အတွက် နှစ်၃၀ ပြည့် အထူးနေ့ရက်အား မေ၃ ရက်တွင်ကျင်းပချိန်၌ ထောင်ကျခံနေရသော စံချိန်တင်သတင်းသမားများကြားတွင် အပါအဝင်ဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံမှနှစ်နိုင်ငံ (ရုရှနှင့်တရုတ်) က၎င်းတို့ နှစ်ဦးအားထောင်ချထားခြင်းသည် ကမ္ဘာ့မီဒီယာလွတ်လပ်ခွင့် သေးကျုံ့လာခြင်းနှင့် ယင်းအရေးကိုကုလသမဂ္ဂက ပို၍ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း မီးမောင်းထိုးပြလျက်ရှိသည် ။

ဂါရှကိုဗစ်သည် ပြီးခဲ့သည့်နှစ်ကယူကရိန်းအား ဗလာဒီမာပူတင်က တင်းပြည့်ကျူးကျော်မှု ဆင်နွှဲကာလွတ်လပ်သော မီဒီယာအားလုံးကို အာဏာသုံးနှိပ်ကွပ်လာချိန်မှစပြီး ရုရှနိုင်ငံအတွင်း ကျန်ရစ်သောနိုင်ငံခြားသတင်းထောက် အနည်းငယ်မှတစ်ဦးပဲ ဖြစ်သည်။လိုင်းကလည်း ဟောင်ကောင်တွင် လွတ်လပ်သောသတင်းဖော်ပြခွင့် ရှင်သန်ရေးအတွက် ကြိုးစားနေခဲ့သူဖြစ်သော်လည်း တရုတ်က ၂၀၂၀တွင် လုံခြုံရေးဥပဒေအားဖြင့် နှုတ်ပိတ်ခြင်း ခံခဲ့ရသူဖြစ်သည်။

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အား ၁၉၉၃ ခုနှစ်၌စတင်ကျင်းပချိန်က ရုရှနိုင်ငံတွင် လွတ်လပ်သောသတင်းဖော်ပြချက်များ ထွန်းကားပြီး CPJ ၏ နှစ်ပတ်လည်အကျဉ်းချခံရသည့် သတင်းသမားများ စာရင်း၌ ရုရှနိုင်ငံတွင် ၎င်းတို့၏အလုပ်အကိုင်ကြောင့် ထောင်ချခံရသည့် သတင်းသမားတစ်ဦးတစ်လေမှ မရှိခဲ့ပေ။သို့ရာတွင် CPJ မကြာသေးခင်စာရင်းတွင်မှု ဆန့်ကျင်ဖက်ဖြစ်ပြီး ၂၀၂၂ ဒီဇင်ဘာ ၁ ရက်၌ ရုရှနိုင်ငံအတွင်း ထောင်ချခံရသော သတင်းသမား၁၉ ဦးရှိသည်။ လွတ်လပ်သောမီဒီယာများမှာလည်း လက်ရှိတွင်ပိတ်သိမ်းခံရခြင်း သို့မဟုတ်ပြည်ပထွက်ခွာရခြင်းများ ရှိနေသည်။

ဗြိတိန်ကတရုတ်လက်သို့ ပြန်လည်ပေးအပ်ရမည့် နှစ်အတော်ကြာအလို၁၉၉၃ ခုနှစ်၌ဟောင်ကောင်တွင် မီဒီယာလောကက အားကောင်းမောင်းသန် ရှိခဲ့သည်။ ပြည်မကြီးမှာ လွတ်လပ်သောတရုတ်သတင်းထောက်များအတွက် မိုင်းကွင်းအဖြစ် ရှိနေပြီးတော်တော်များများမှာ ကွန်မြူနစ်ပါတီ၏ ဆင်ဆာအောက်၌လုပ်ကိုင်ကြရသည်။ ထိုကာလက တရုတ်တွင် သတင်းသမား၂၉ ဦးကိုထောင်ချခဲ့ပြီး နှိုင်းယှဉ်မည်ဆိုက လက်ရှိ ဒီဇင်ဘာနှောင်းပိုင်းတွင် ထောင်ချထားသည့် သတင်းသမား ၄၃ ဦးအထိရှိနေသည်။

ဆိုဗီယက်ပြည်ထောင်စု ပြိုလဲခြင်းနှင့်အတူစစ်အေးတိုက်ပွဲနှင့် အနိုင်ရသည်ဟုအနောက်အုပ်စုက ယုံကြည်ကာကမ္ဘာ့ဒီမိုကရေစီသစ်ကို ကြိုဆိုရတော့မည်ဟု ယူမှတ်ခဲ့သည်။အရှေ့ဥရောပနိုင်ငံ တော်တော်များများသည် မြေအောက်သဘောထားကွဲလွဲသူများမှ ထွက်ပေါ်လာသော သတင်းလွတ်လပ်ခွင့်နှင့်လွတ်လပ်သော သတင်းပညာကိုလက်သင့်ခံကြိုဆိုခဲ့ကြသည်။

သို့ရာတွင်သတင်းလွတ်လပ်ခွင့်ကို ဂုဏ်ပြုသောနေ့ရက် တည်ထောင်သတ်မှတ်ရေး တွန်းအားကမူ ၁၉၉၁ Windhoek ကြေညာချက်နှင့်အတူ အာဖရိကမှထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။တောင်အာရိကတွင် လူမျိုးရေးခွဲခြားမှု ပြိုလဲသွားခြင်း၊ နမီးဘီးယားတွင်လည်း ကိုလိုနီအုပ်ချုပ်ရေးကို တွန်းလှန်ပြီး အီသီယိုးပီးယားတွင် လူသတ်အာဏာရှင်ကို ဖြုတ်ချခြင်းတို့ကြောင့် အာဖရိကတိုက်တွင် နိုင်ငံရေးအကောင်းမြင်မှုများ ပေါက်ဖွားလာခဲ့သည်။

ယင်းနောက်ပိုင်း ဆယ်စုနှစ်အတွင်းလွတ်လပ်သော ဂျာနယ်လစ်ဇင်သည် ကမ္ဘာတစ်လွှားပွင့်လန်းလာတော့သည်။ အင်တာနက်ပေါ်ထွန်းခြင်းနှင့် ပုံနှိပ်ဖော်ပြခွင့် လွတ်လပ်ခွင့်တို့ကသတင်းအချက်အလက်ပေါ် နိုင်ငံကထိန်းချုပ်ခြင်းနှင့် လွတ်လပ်စွာဖော်ပြခွင့်ကို လိုလားသောမီဒီယာတို့ကြား အင်အားချိန်ခွင်လျှာကို မီဒီယာဖက်အလေးသာစေတော့သည်။

သို့ရာတွင် ၉/၁၁တိုက်ခိုက်မှုကြီးနောက်ပိုင်း၊ အီရတ်နှင့်အာဖဂန်နစ္စတန်ကို အမေရိကန်ကျူးကျော်မှု စသည့်ကာလများနှင့် တစ်ချိန်တည်း၂၀၀၀ ခုနှစ်များတွင် အရွှေ့ပြောင်းသွားခဲ့ပြီးအစိုးရများက ထွန်းကားလာသော နည်းပညာသစ်များကို ဆင်ဆာနှင့် ထောက်လှမ်းစောင့်ကြည့်ခြင်း လက်နက်များအဖြစ် သုံးစွဲလာတော့သည်။

ဂျာနယ်လစ်ဇင်ရှင်သန်ရေးအတွက် ဒီမိုကရေစီနှင့် ဥပဒေစိုးမိုးရေးတို့လိုအပ်သည်။ လက်ရှိ၌ယင်းနှစ်ခုစလုံးမှာ ပျောက်ဆုံးလျက် ရှိနေသည်။

အတိတ် ၃၅ နှစ်ကမီဒီယာ အားကောင်းမှုများသည် ဆိတ်သုဉ်းရပြီဖြစ်သည်ဟု ကမ္ဘာတစ်လွှား နိုင်ငံရေးလွတ်လပ်ခွင့်များကို စောင့်ကြည့်သည့် ဆွီဒင်အခြေစိုက် V-Dem Institute အဖွဲ့အစည်းက ပြောသည်။ကမ္ဘာ့လူဦးရေ၏ ၇၂ရာခိုင်နှုန်း၊ ၅ဒသမ ၇ဘီလီယံသည် လက်ရှိ၌ဖိနှိပ်အုပ်ချုပ်သော စနစ်အောက်၌နေထိုင်နေကြရကြောင်း ယင်းကခန့်မှန်းသည်။ “အာရှ-ပစိဖိတ်ဒေသမှာ ပိုပြီး ဆိုးပါတယ်၊၁၉၇၈ ခုနှစ်က အဆင့်ဆီကို ပြန်ရောက်သွားပြီ”ဟုယင်းအဖွဲ့က ၂၀၂၃ဒီမိုကရေစီ အစီရင်ခံစာ၌ဆိုထားသည်။ ထိုပြောဆိုချက်ကို အမေရိကန်စောင့်ကြည့်ရေးအဖွဲ့ Freedom House ကလည်းသဘောတူသည်။ ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်ခွင့်သည် ၁၇ နှစ်ဆက်တိုက်ကျဆင်းနေကြောင်း ၎င်း၏၂၀၂၃ အစီရင်ခံစာတွင် မှတ်ချက်ပြုထားသည်။

ထိုအတွက်ယင်းနှစ်များအတွင်း ကုလသမဂ္ဂကတိုးတက်မှု တစ်စုံတရာလုပ်ဆောင်ခဲ့ပါသလား။

အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လွတ်လပ်သော မီဒီယာ မိတ်ဖက်ပြုမှု အဖွဲ့ဝင်နိုင်ငံများ၏ ဆက်တိုက် တွန်းအားများအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် တာဝန်ရှိရာ ပါရီအခြေစိုက် ကုလသမဂ္ဂ အေဂျင်စီဖြစ်သော ယူနက်စကိုက သတင်းသမားများ ဘေးကင်းရေးနှင့် သတင်းသမားများအား သတ်ဖြတ်ခြင်းတွင် ပြစ်ဒဏ်မခံရခြင်းများ အဆုံးသတ်ရေးကို ကူညီဖော်ဆောင်လျက် ရှိနေသည်။ လွတ်လပ်သော မီဒီယာအား ကာကွယ်ပေးရေးအတွက် Plan of Action အစီအစဉ်ကို ယူနက်စကိုက ၂၀၁၂ တွင် စတင်ဆောင်ရွက်လာခဲ့သည်။ သတင်းသမားများအပေါ် ရာဇဝတ်မှု ကျုးလွန်မှု၌ ပြစ်ဒဏ်မခံရခြင်းများ အဆုံးသတ်ရေး အပြည်ပြည်ဆိုင်ရာနေ့အဖြစ် နိုဝင်ဘာ ၂ ရက်နေကို သတ်မှတ်ခဲ့သည်။

သို့ရာတွင် ယူနက်စကိုသည် ကုလသမဂ္ဂ ဖွဲ့စည်းပုံတွင် ဆက်စပ်မှုအားဖြင့် သေးငယ်သောဌာနတစ်ရပ်သာ ဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ အာဏာနိုင်ငံရေး ဖိအားကို မလွန်ဆန်နိုင်ဘဲ ရှိသည်။ ထို့အတွက် မီဒီယာများကို ဖိနှိပ်ခြင်းအတွက် သက်ဆိုင်ရာနိုင်ငံများကို အရေးဆိုနိုင်ခြင်း အင်အား မရှိပေ။ သတင်းသမားများအား ဖမ်းဆီးခြင်း၊ တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ကျူးလွန်နေရာသို့လည်း လျင်လျင်မြန်မြန် ကြားဝင်ဖို့ အရင်းအမြစ် ချို့တဲ့သည်။

သတင်းသမားများ ဘေးကင်းလုံခြုံရေးကို ဆောင်ကြဉ်းပေးရမည့် ကုလသမဂ္ဂ လုပ်ငန်းစဉ်များတွင် အကန့်အသတ်ရှိနေသည်ကို ၂၀၁၈ ခုနှစ်အတွင်းက အစ္စတန်ဘူလ်ရှိ ဆော်ဒီ ကောင်းစစ်ဝန်ရုံးတွင် သတင်းထောက် ဂျမဲလ် ခါရှိုဂျီ အသတ်ခံရသည့်နောက် ရှင်းလင်းစွာ မြင်တွေ့လာရသည်။ ထို သတ်ဖြတ်မှုကို တူရကီသို့ သွားရောက်ကာ စုံစမ်းစစ်ဆေးရန် အဖွဲ့တစ်ရပ် ဖွဲ့စည်းရေး အထူးကိုယ်စားလှယ် အန်းနက်စ် ကယ်လာမတ်ကို တာဝန်ပေးပြီး ဂျီနီဗာအခြေစိုက် လူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံစာ တင်သွင်းခိုင်းသည်နှင့် ပြီးခဲ့ရသည်။ အထူးကိုယ်စားလှယ်များမှာ ခန့်အပ်ထားသည့် လွတ်လပ်သော လူ့အခွင့်အရေး ကျွမ်းကျင်သူများသာ ဖြစ်ပြီး ကျူးလွန်ချိုးဖောက်မှု ရှိမရှိကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂက တာဝန်အပ်နှင်းခံရသူများ မဟုတ်ပေ။ ၎င်းတို့သည် သက်ဆိုင်ရာ နိုင်ငံက သဘောတူမှသာ အလွဲသုံးစားပြုကျင့်မှုများကို စုံစမ်းစစ်ဆေးရန် သွားရောက်နိုင်ခွင့် ရှိသူများသာ ဖြစ်သည်။

သို့ရာတွင် သတင်းလွတ်လပ်ခွင့်ကို ကိုင်တွယ်ဖြေရှင်းရေးအတွက် ရှိဆဲ အခွင့်အာဏာများနှင့်အတူ ကုလသမဂ္ဂ လုပ်ကိုင်ဆောင်ရွက်နိုင်သည်က အများအပြား ရှိနေသေးသည်။ ပထမမှာ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်နှင့် ထောက်ခံသော အဖွဲ့ဝင်နိုင်ငံများအနေဖြင့် သတင်းသမားများ ဘေးကင်းရေး ယူနက်စကို၏ အစီအစဉ်ကို ခိုင်မာအားကောင်းစေမည့် ရင်းမြစ်များတွင် ရင်းနှီးမြုပ်နှံရန် လိုအပ်သည်။ ယင်းနောက်၌ လူအခွင့်အရေးကို မျက်ကွယ်ပြုသော သို့မဟုတ် ချိုးဖောက်သော နိုင်ငံများကို ပြောနိုင်ဆိုနိုင်ရန်၊ အရေးယူဆောင်ရွက်နိုင်ရန် လိုအပ်မည် ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က လူအခွင့်အရေး ကောင်စီမှ ရုရှကို ဆိုင်းငံ့ခဲ့သည့် မဲပေးမှုကဲ့သို့ လုပ်ဆောင်နိုင်ရမည် ဖြစ်သည်။

မီဒီယာကို တိုက်ခိုက်ခြင်းများအား စုံစမ်းစစ်ဆေးရန် လူ့အခွင့်အရေးကောင်စီ၏ အထူးလုပ်ထုံးလုပ်နည်းအောက် စုံစမ်းစစ်ဆေးသူများ လုပ်ငန်းစဉ်အဖွဲ့ကို ထူထောင်ရန် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်း ဒေးဗစ် ကေးက အကြံပြုသည်။ သတင်းမီဒီယာအား အကာအကွယ်ပေးရာတွင် လူ့အခွင့်အရေး မဟာမင်းကြီးရုံးနှင့် အကြီးအကဲ ဗိုကာ တက်ခ်တို့သည် ကြီးမားသော အခန်းကဏ္ဍ၌ ရှိနေသည်ဟု ၎င်းက ရှုမြင်သည်။ “သတင်းသမားတွေကို တိုက်ခိုက်မှုတွေ ဖြစ်ပြီးချင်း လူ့အခွင့်အရေး သုတေသီတွေနဲ့ စုံစမ်းစစ်ဆေးသူတွေက မြေပြင်မှာ ချက်ချင်း အရေးယူဆောင်ရွက်နိုင်စွမ်း ရှိဖို့က အမှန်တကယ် လိုအပ်ချက်လို့ ကျွန်တော်တော့ ထင်တယ်”ဟု ကေးက ပြောသည်။

ဗိုကာ တက်ခ်၏ ရုံးမှာ အကျဉ်းချခံ သတင်းသမားများအား စာရင်းပြုစုရန်အတွက် သတင်းလွတ်လပ်ခွင့်အဖွဲ့များနှင့်အတူ လုပ်ကိုင်ဆောင်ရွက်နေပြီးလည်း ဖြစ်ပြီး “ကိုယ်ပိုင် အလုပ်အကိုင်အတွက်” ထင်ရာစိုင်း ဖမ်းဆီးခံထားရသည့် သတင်းသမားများအား ပြန်လွှတ်ပေးရေးအတွက် တောင်းဆိုလျက် ရှိရာ သတင်းသမားများ သတ်ဖြတ်ခံရချိန်၊ ဖမ်းဆီးခံရချိန်တွင် ရှိဆဲ ကုလသမဂ္ဂ အဖွဲ့အစည်းများက အမြန်အရေးယူဆောင်ရွက်နိုင်မည့် တွန်းအားလက္ခဏာတစ်ရပ်ပဲ ဖြစ်သည်။

“အဓိကကတော့ သတင်းလွတ်လပ်ခွင့်ကို တစ်ကြိမ်တစ်ခါတည်းအတွက် မဟုတ်ဘဲ ကုလသမဂ္ဂရဲ့ လုပ်ငန်းစဉ်မှာ တစ်စိတ်တစ်ပိုင်း ပါဝင်နေတာမျိုးအဖြစ် လိုလားတာပါပဲ၊ သတင်းလွတ်လပ်ခွင့်နေ့မျိုး ရောက်ရှိပိုင်ဆိုင်ဖို့က အဓိကပါပဲ၊ တစ်နေ့တစ်ရက်တည်း မဟုတ်ဘဲ အမြဲတမ်း ဖြစ်ရမှာပါ၊ သတင်းသမားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ပြစ်ဒဏ်ပေးမခံရတာမျိုးတွေကို အမှန်တကယ် ဖြေရှင်းနိုင်မယ့် အသင်းအဖွဲ့ စွမ်းဆောင်ရည် ရှိဖို့ လိုနေတာပါပဲ”ဟု ကေးက ထပ်လောင်းပြောခဲ့သည်။

အီဗန် ဂါရှကိုဗစ်၊ ဂျင်မီ လိုင်းနှင့် အခြားသော ဖမ်းဆီးထောင်ချခံရသည့် သတင်းသမား ၃၆၃ ဦးအတွက် အရေးဆိုနေရလိမ့်မည်ပဲ ဖြစ်သည်။

(Robert Mahoney သည် CPJ ၏ အထူးစီမံကိန်းများ ညွှန်ကြားရေးမှူးဖြစ်ကာ အမှုဆောင်ညွှန်ကြားရေးမှူးဟောင်းလည်း ဖြစ်သည်။ သူသည် သတင်းလွတ်လပ်ခွင့်အတွက် ရေးသားပြောဆိုနေသူဖြစ်ပြီး အီရတ်မှသည် သီရိလင်္ကာအထိ ကမ္ဘာ့အဓိကနေရာများက CPJ လုပ်ငန်းဆောင်တာများကို ဦးဆောင်နေသူလည်း ဖြစ်သည်။ သူသည် ကမ္ဘာအနှံ့၌ သတင်းထောက်၊ ဗျူရိုအကြီးအကဲနှင့် ရိုက်တာ အယ်ဒီတာအဖြစ်လည်း လုပ်ကိုင်ခဲ့သူ ဖြစ်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly