မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားသင့်ဟု တရုတ် ပြောကြား

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားသင့်ဟု တရုတ် ပြောကြား

တရုတ်သည် မြန်မာ၏ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုရှာဖွေရာတွင် ထောက်ခံအားပေးလျက်ရှိပြီး ၎င်း၏အချုပ်အခြာအာဏာကို လေးစားလိုက်နာရန်နှင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်မှုရရှိရေး ကူညီပေးကြရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၃ ရက်တွင် ပြောကြားသည်။

အိမ်နီးချင်း တရုတ်နိုင်ငံသည် မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့်  နီးကပ်သော ဆက်ဆံရေးရှိပြီး ထိပ်တန်းနိုင်ငံခြားအရာရှိတစ်ဦး၏ ရှားပါးခရီးစဉ်အဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်းသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မေလ ၂ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

“နိုင်ငံရဲ့အခြေအနေနဲ့ကိုက်ညီတဲ့ မြန်မာရဲ့ဝိသေသလက္ခဏာတွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရာမှာ တရုတ်က မြန်မာကို ထောက်ခံပါတယ်။ ကွဲပြားမှုတွေကို ကျိုးကြောင်းဆီလျော်စွာဖြေရှင်းဖို့နဲ့ ဖွဲ့စည်းပုံနဲ့ဥပဒေဘောင်အောက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေးအသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်တွေ တိုးတက်အောင်လုပ်ဆောင်ရာမှာလည်း မြန်မာကို ထောက်ခံအားပေးပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုလည်း တရုတ်က ထောက်ခံပါတယ်” ဟု ကျင်ဂန်းက ပြောသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာ၏အချုပ်အခြာအာဏာကိုလေးစားသင့်ကြောင်းနှင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ရရှိရန် ကူညီရာမှာ အပြုသဘောဆောင်သောကဏ္ဍမှ ပါဝင်ကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီထောက်ခံသောတက်ကြွလှုပ်ရှားသူများက လက်နက်စွဲကိုင် တော်လှန်လျက်ရှိပြီး တချို့နေရာများတွင်လည်း တိုင်းရင်းသားလူနည်းစုများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် လက်နက်ပြည့်စုံစွာတပ်ဆင်ထားသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆင်နွှဲနေသည်။ ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်ပေးလိုသော အိမ်နီးချင်းနိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုများမှာလည်း အရာမထင်ခဲ့ပေ။ တရုတ်သည် ကျောက်စိမ်း၊ ခဲမဖြူနှင့် သစ်များအပါအဝင် မြန်မာ့သယံဇာတများကို အဓိကဝယ်ယူသူဖြစ်သည်။

တရုတ်အနေဖြင့် စီးပွားရေးကဏ္ဍနှင့်ပတ်သက်ပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြံဆက်စပ်သော ရင်းနှီးမြှုပ်နှံမှုများကို အရှိန်မြှင့်တင်သွားမည်ဖြစ်ကာ စိုက်ပျိုးရေး၊ ပညာရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်းများကို အကောင်အထည်ဖော်သွားမည်ဟု ကျင်ဂန်းက ပြောသည်။ 

အနောက်အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့်ဆက်ဆံရေးတိုးတက်အောင်လုပ်ဆောင်ရာတွင်လည်း မြန်မာကို ထောက်ခံကြောင်း ကျင်ဂန်းကပြောကြားခဲ့ပြီး ကုန်သွယ်ရေးနှင့်စွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရန် မြန်မာနှင့် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly