KNU ၁၀ ဦးမြောက် ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်း ရွေးချယ်ခံရ

By YT (မဇ္ဈိမ)
02 May 2023
KNU ၁၀ ဦးမြောက် ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်း ရွေးချယ်ခံရ

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကျင်းပနေဆဲ ၁၇ ကြိမ်မြောက် ကွန်ဂရက်တွင် ၁၀ ဦးမြောက် ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို ရွေးချယ်တင်မြှောက်ခဲ့ကြကြောင်း KNU ၏ ကွန်ဂရက် တက်ရောက်သူတစ်ဦးက မဇ္ဈိမကို အတည်ပြု ပြောသည်။

ဧပြီလ ၂၄ ရက်နေ့မှစ၍ KNU အုပ်ချုပ်နယ်မြေ တစ်နေရာတွင် ကျင်းပနေသော ၁၇ ကြိမ်မြောက် ကွန်ဂရက်၏ ရှစ်ရက်မြောက်နေ့ဖြစ်သော မေလ ၂ ရက်နေ့တွင် KNU ၏ ကြီးငါးကြီးအနက် ရာထူးအမြင့်ဆုံးဖြစ်သော KNU ဥက္ကဋ္ဌရာထူးအား မဲပေးစနစ်ဖြင့် ရွေးချယ်တင်မြှောက်ခဲ့ကြခြင်းဖြစ်သည်။

"မဲပေးတဲ့နေရာမှာ KNU တပ်မဟာ (၃) စောဆဲဂေက ၆၈ မဲ၊ ပဒို စောကွယ်ထူးဝင်းက မဲ ၇၀ နဲ့ အနိုင်ရခဲ့ပါတယ်" ဟု ကွန်ဂရက် တက်ရောက်ခဲ့သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထို့ပြင် ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တွဲဖက်အတွင်းရေးမှူး (၁) နှင့် (၂) တို့အား လာမည့်ရက်တွင် ဆက်လက်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့မှ စတင်၍ မဲစနစ်ဖြင့် ဗဟိုကော်မတီဝင် ၄၅ ဦးအား ရွေးချယ်ခဲ့သော်လည်း မဲပေးရာတွင် အခက်အခဲအချို့ကြောင့် အထမမြောက်ခဲ့ခြင်းကြောင့် ယနေ့ မေလ ၂ ရက်နေ့တွင် ပြန်လည်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

KNU ၏ ၁၀ ဦးမြောက် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ပဒိုစောကွယ်ထူးဝင်းသည် KNU တပ်မဟာ (၄) နယ်မြေ၊ မြိတ်၊ ထားဝယ်ခရိုင်မှတစ်ဆင့် ဗဟိုအဆင့်သို့ ရောက်လာသူဖြစ်ပြီး ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းဆင်းတစ်ဦး ဖြစ်ကြောင်း ကရင်အမျိုးသားမီဒီယာက ဖော်ပြထားသည်။

လက်ရှိကျင်းပနေသော KNU ၏ (၁၇) ကြိမ်မြောက် ကွန်ဂရက်အား ကျင်းပရန် အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရပြီးနောက်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှစ၍ KNU နယ်မြေတစ်နေရာတွင် ကျင်းပနေခြင်း ဖြစ်သည်။

KNU တပ်မဟာ ခုနစ်ခုလုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသော်လည်း တပ်မဟာ (၂) တောင်ငူခရိုင်နှင့် တပ်မဟာ (၅) မူတြော်ခရိုင် (ဖာပွန်)တို့မှ ကိုယ်စားလှယ်များအနေ ဖြင့် ဝင်ရောက်အရွေးခံခြင်း မရှိသကဲ့သို့ မဲပေးခြင်းလည်း မရှိကြောင်း ကွန်ဂရက် တက်ရောက်နေသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

KNU ၏ ကွန်ဂရက်အပြီးတွင် KNU လက်အောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့သုံးခုဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO)၊ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) တို့၏ အစည်းအဝေးအား ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။

KNU ဥက္ကဋ္ဌအသစ်ရွေးချယ်တင်မြှောက်ခြင်းနှင့် ပတ်သက်၍ မဇ္ဈိမမှ KNU ဗဟိုပြောခွင့်ရသူ ပဒိုစောတောနီးထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရသေးပေ။

ယခင်တာဝန်ယူခဲ့သော KNU ဥက္ကဋ္ဌများမှာ စောသံဖိုးသင်၊ စောဘဦးကြီး၊ စကောလယ်တော၊ စောဟံတာသာမွေး၊ မန်းဘဇန်၊ စောဘိုမြ၊ စောဘသင်စိန်၊ စောတာမလာဘော၊ စောမူတူးစေးဖိုးတို့ဖြစ်ပြီး ယခု ၁၀ ဦးမြောက်အဖြစ် ပဒိုစောကွယ်ထူးဝင်း ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#KNUဥက္ကဋ္ဌ

#စောကွယ်ထူးဝင်း

#၁၇ကြိမ်မြောက်ကွန်ဂရက်

#Mizzimatv

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly