ရဲစခန်းဗုံး ၂ ကြိမ်ပစ်ခံရပြီးနောက် မန္တလေးကို စစ်အုပ်စုက ပိတ်ဆို့စစ်ဆေးနေ

By ၀၀၇ (မဇ္ဈိမ)
02 May 2023
ရဲစခန်းဗုံး ၂ ကြိမ်ပစ်ခံရပြီးနောက် မန္တလေးကို စစ်အုပ်စုက ပိတ်ဆို့စစ်ဆေးနေ

ရဲစခန်း ဗုံးနှစ်ကြိမ်ပစ်ခံရမှုအပါအဝင်၊ စစ်ကောင်စီတပ်နှင့်ဆက်စပ်သူများ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရမှုကြောင့်၊ မန္တလေးတစ်မြို့လုံးကို စစ်ကောင်စီတပ်က ယနေ့တစ်နေကုန် ပိတ်ဆို့စစ်ဆေးမှုတို့ပြုလုပ်ခဲ့ကြောင်း သိရသည်။

"မီးပွိုင့်တိုင်းမှာ စစ်သားနှစ်ယောက်၊ ရဲနှစ်ယောက် ယာဥ်ထိန်းနှစ်ယောက်ချထားတယ်၊ လမ်းဆုံလမ်းခွတွေမှာကျတော့ ကင်းပုန်းတွေချထားတယ်၊ ရဲစခန်းရှေ့တို့ ရပ်ကွက်ရုံးရှေ့တို့မှာဆိုရင် အရင်ကထက် လုံခြုံရေးပိုလုပ်ထားတာတွေ့ခဲ့ရတယ်၊ မနေ့က တစ်ရက်တည်း သုံးလေးကြိမ်လောက်ခံလိုက်ရတော့ လုံခြုံရေးတင်းကျပ်လိုက်တဲ့သဘောပါပဲ" ဟု ​မြို့ခံတစ်ဦးကပြောသည်။

နယ်မြေအလိုက်ရဲစခန်းများ၊ ရပ်ကွက်ရုံးများ၊ ဌာနဆိုင်ရာနေရာများ၊ စစ်တပ်ပိုင်ဘဏ်အဆောက်အအုံများအပါအဝင် စစ်ကောင်စီတပ်နှင့်ဆက်စပ်သည့်နေရာများတွင် လုံခြုံရေးအထူးတင်းကျပ်ထားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များထံကသိရသည်။

မန္တလေးမြို့တွင် ယမန်နေ့နံနက် ၆ နာရီနှင့် ၇ နာရီဝန်းကျင်ခန့်ကအမရပူရမြို့နယ်မြို့မရဲစခန်း ဒရုန်းဗုံးဖြင့် နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရသည်။

အဆိုပါတိုက်ခိုက်ခံရမှုဖြစ်စဥ်အတွင်း ရဲသုံးယောက်ထက်မနည်း ဒဏ်ရာရမှုရှိနိုင်ကြောင်း၊ ဒေသခံသတင်းရင်းမြစ်များကဆိုသော်လည်း၊ စစ်ကောင်စီတပ်ဘက်က သတင်းများတွင် ကလေးငယ်တစ်ဦး သေဆုံးပြီးရဲဝန်ထမ်းမိသားစုဝင်အမျိုးသမီးလေးဦး ဒဏ်ရာရကြောင်း ဖော်ပြကြသည်ကိုတွေ့ရသည်။

အဆိုပါ တိုက်ခိုက်မှုကို Generation Z Power- GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး)၊ အမရပူရမြို့နယ် ပကဖ၊ ကျောက်ဆည်ခရိုင်ပကဖ၊ TKF-AMA မဟာမိတ်အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း GZP (Mandalay)က သတင်းထုတ်ပြန်ပြီး၊ ၎င်းရဲစခန်းမှ နယ်ထိန်းထွန်းနိုင်ဆိုသူက ပြည်သူများကိုခြိမ်းခြောက်နေသဖြင့် ၎င်းအား ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထို့နောက် နံနက် ၈ နာရီခန့်တွင်၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းသာယာရပ်ကွက်နေသူ မြေစာရင်း ဦးစီးဌာနလက်ထောက်ဦးစီးမှူးသန်းဝင်း(အသက် ၅၆ နှစ်)ဆိုသူ နေအိမ်အတွင်း ထမင်းစားနေစဥ် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်။

၎င်းအား လူငယ်အမျိုးသားနှစ်ဦးက လက်လုပ်သေနတ်ဖြင့် နေအိမ်ထဲအထိဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ သေဆုံးခြင်းရှိမရှိ အတည်မပြုနိုင်သေးသလို မည်သည့်အဖွဲ့အစည်းကပစ်ခတ်သွားကြောင်း သတင်းထုတ်ပြန်သည်ကို မတွေ့ရသေးပေ။

အလားတူ ဧပြီလ ၃၀ ရက်နေ့ကလည်း၊ ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်၊ ၅၆ လမ်းနှင့် ၁၁၇ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်တွင်၊ ပျူစောထီးအဖွဲ့ဝင်ဆိုသူ နှစ်ယောက် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်။

အဆိုပါပစ်ခတ်မှုတွင် တစ်ယောက်သေဆုံးပြီး နောက်တစ်ယောက်ဒဏ်ရာရကြောင်း မျက်မြင်များကဆိုသော်လည်း၊ စစ်အုပ်စုဘက်ကတော့ သေဆုံးသူမရှိကြောင်း ငြင်းဆိုထားသည်။

အဆိုပါတိုက်ခိုက်မှုကိုတော့ Ranger Urban Guerrillas Mandalay က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီး၊ ပျူ ဒလန်အမြစ်ပြတ်ချေမှုန်းရေးဖြစ်ကြောင်း ၎င်းအဖွဲ့ကဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#မန္တလေး

#ရဲစခန်း

#ပြည်ကြီးတံခွန်မြို့နယ်

#စစ်အုပ်စု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly