နွားထိုးကြီး မြို့မရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ ကားမီးလောင်ပြီး ရဲ ၁ ဦးသေ ၄ ဦးဒဏ်ရာရဟုဆို

By ကိုခင်မောင် (မဇ္ဈိမ)
02 May 2023
နွားထိုးကြီး မြို့မရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ ကားမီးလောင်ပြီး ရဲ ၁ ဦးသေ ၄ ဦးဒဏ်ရာရဟုဆို

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး မြို့မရဲစခန်း ဒရုန်းဖြင့်ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ရဲများအမြဲတမ်းအသုံးပြုနေသော မတ်ခ်တူးကားတစ်စီး မီးလောင်ပျက်စီးပြီး ရဲတစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရရှိသွားသည်ဟု Natogyi People Defence Force(NPDF) မှ သတင်းထုတ်ပြန်သည်။

နွားထိုးကြီး မြို့မရဲစခန်းကို ယမန်နေ့ မေလ ၁ရက် နေ့လယ်၂နာရီ၃၀မိနစ်ဝန်းကျင်အချိန်ခန့်တွင် NPDF အဖွဲ့များမှ အီနာဂါဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ရာ ကားမီးလောင်၍ မီးသတ်ကားခေါ်ကာ မီးငြိမ်းသတ်ခဲ့ရသည့်အထိ ဖြစ်သွားသည်ဟု ယင်းအဖွဲ့တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။

“မြို့မရဲစခန်းမှာ တစ်ချိန်ချတယ်။ ဗုံးတွေချပြီးတော့မှ ကားဘေးမှာစုထိုင်နေတဲ့ ရဲငါးကောင်ရှိတာ ငါးကောင်လုံးဒဏ်ရာရတယ်။ ကားတစ်စီးမီးလောင်တယ်။ မီးလောင်တဲ့အချိန်မှာ ကျတော်တို့နွားထိုးကြီးက မီးသတ်ကားတွေကို ခေါ်ပြီးတော့မှ မီးငြိမ်းရတာတွေအထိ ဖြစ်သွားတယ်။ ကားက သူတို့အမြဲတမ်းသုံးနေတဲ့ မတ်ခ်တူးကားဗျ။ ရဲစခန်းထဲမှာ ရပ်ထားတာ။” ဟု NPDF မှ တာဝန်ရှိသူက ဆိုသည်။

မြင်းခြံခရိုင်အမှတ်တပ်ရင်း (၄) Natogyi People Defence Force(NPDF) မှ ရဲဘော်များ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲတစ်ဦးသေဆုံးပြီး သုံးဦးအပြင်းအထန်ဒဏ်ရာရရှိကာ နွားထိုးကြီးပြည်သူ့ဆေးရုံးတွင် ဆေးကုသမှုခံယူနေကြသည်ကို မြို့နေဒေသခံများထံမှ တစ်ဆင့်ကြားသိရသည်ဟုလည်း ဆိုသည်။

နွားထိုးကြီးရဲစခန်းတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီလက်အောက်ခံရဲများထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

“ရဲစခန်းရှေ့ဆိုရင်လည်း ရေတွေအိုင်ထနေရော။ ကားကလည်း မီးလောင်တော့ မီးခိုးငွေ့တွေ တစ်မြို့လုံးကမြင်ရတယ်။ မီးသတ်ကားတွေလည်း ဆူညံနေတာ။” ဟုလည်း အမည်မဖော်လိုသူ မြို့နေဒေသခံတစ်ဦးကပြောသည်။

နွားထိုးကြီးမြို့မရဲစခန်းမှ ရဲတပ်ကြပ် ခိုင်မင်းထွန်းဆိုသူကိုလည်း နွားထိုးကြီးမြို့နယ်၊ ထန်းဇင်းကျေးရွာအနီး၌ ဧပြီလ ၂၆ရက်နေ့တွင် Natogyi People Defence Force(NPDF) မှ ပစ်ခတ်ရှင်းခဲ့သေးသည်။

ပြီးခဲ့သည့် ဧပြီလ ၃၀ရက်နေ့ ညနေ ၆နာရီဝန်းကျင်ခန့်တွင် နွားထိုးကြီးမြို့၏အရှေ့ဘက် ထန်းဇင်ကျေးရွာ ကင်းစခန်းဂိတ်ကို NPDF မှ ဒရုန်းဖြင့် သုံးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သုံးဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ထန်းဇင်ကျေးရွာ

#NPDF

#နွားထိုးကြီးမြို့နယ်

#ဗုံးကြဲတိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly