ဧပြီလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး ၅၀ ကျော် သေဆုံး

By 001 (မဇ္စျိမ)
02 May 2023
ဧပြီလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး ၅၀ ကျော် သေဆုံး

ပြီးခဲ့သည့် ဧပြီလအတွင်း စစ်ကောင်စီတပ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည့်အမျိုးသမီး ၅၅ ဦးရှိပြီး၊ အမျိုးသမီး ၄၀ ကျော်မှာလည်း ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)က ယနေ့ မေလ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။

တိုင်းနှင့် ပြည်နယ် ​ခြောက်ခု၌ အသတ်ခံခဲ့ရသည့် အမျိုးသမီး ၅၅ ဦးတွင် စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာသို့ ဧပြီလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် အမျိုးသမီး ၄၅ ဦးပါဝင်ကြောင်း သိရသည်။

အမျိုးသမီးများ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ စစ်ဘေးရှောင်စခန်းများသို့ လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကြောရေးတွင် နှိပ်စက်ခံရမှုတို့ကြောင့် သေဆုံးမှုများ တွေ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ တွဲဖက်အတွင်းရေးမှူး မဇူးဇူးကပြောသည်။

“အကြမ်းဖက်စစ်တပ်အနေနဲ့ ဝင်ရောက်စစ်ဆေးပြီးတော့ ဝင်ဖမ်းလို့ပေါ့နော်၊ ဒီလူ့အခွင့်အရေးတက်ကြွလှုပ်ရှားတဲ့ အမျိုးသမီးတွေကို ဝင်ရောက်ဖမ်းဆီးတဲ့ထဲမှာ သေနတ်နဲ့ပစ်သတ်ပြီးတော့ သေဆုံးသွားရတဲ့အမျိုးသမီးတွေလည်းရှိတယ်”ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း တိုင်းနှင့် ပြည်နယ်များမှ ဖမ်းဆီးထိန်းသိမ်းခံရသည့် အမျိုးသမီးများ ၄၃ ဦး၌ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ငါးဦးဖြင့် အများဆုံးပါဝင်ခဲ့ပြီး ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်တွင် လေးဦးဖြင့် ဒုတိအများဆုံး ဖမ်းဆီးခံခဲ့ရသည်ကို တွေ့ရသည်။

ဖမ်းဆီးခံရသူများတွင် တက်ကြွလှုပ်ရှားသူများ၊ တော်လှန်ရေးတွင် တစ်နည်းတစ်ဖုံဖြင့် ပါဝင်ပတ်သက်နေသူများလည်း ပါဝင်ပြီး အများစုမှာ လူမှုကွန်ရက်တွင် တော်လှန်ရေးနှင့် ပတ်သက်သည့် စာသားများတင်ခြင်း၊ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပဇီကြီးတွင် လူအစုလိုက်အပြုံလိုက်သေဆုံးမှုအပေါ် ဝမ်းနည်းကြောင်းရေးသားခြင်း၊ တော်လှန်ရေးနှင့် ပတ်သက်သည့် အခြေအနေ တစ်ခုခုကို ဖုန်းထဲတွင် တွေ့ရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း မဇူးဇူးက ပြောသည်။

“စစ်ကြောရေးကာလတွေမှာ ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေ၊ ထောင်တွင်းမှာ အမိန့်ချပြီးတဲ့ အမျိုးသမီးတွေဆိုရင် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု​တွေမရဘူး။ တစ်ပြိုင်နက်တည်း ကျန်းမာရေးစောင့်ရှောက်မှုအပြင် အကျဉ်းသားနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ အပြည့်အဝရရှိတာမျိုးမရှိဘူး။ ဥပမာ ထောင်ဝင်စာကန့်သတ်တာမျိုးတွေ၊ သတင်းအချက်အလက်​တွေ ဖြတ်တောက်တာမျိုးတွေလည်းရှိတယ်” ဟု ဆိုသည်။

ထို့ပြင် ဖမ်းဆီးခံရသည့် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်​စော်ကားမှုများလည်းရှိပြီး ကိုယ်ထိလက်ရောက်ဖြစ်စေ၊ နှုတ်အားဖြင့်ဖြစ်​​စေ စော်ကားပြောဆိုခြင်းများလည်း ကြုံတွေ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂက ပြောသည်။

စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဧပြီလ ၂၈ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသမီး ၃,၃၉၀ ဦး၊ ပြစ်ဒဏ်ချမှတ်ခံထားရသူပေါင်း ၈၁၉ ဦးနှင့် သေဆုံးသူပေါင်း ၅၁၃ ဦးရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ၏ စာရင်းအရ သိရသည်။

ယခုစာရင်းမှာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)နှင့် မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)မှ ကောက်ယူထားသည့်အချက်အလက်များဖြစ်ပြီး စုံစမ်းဆဲစာရင်းများလည်း ရှိသည့်အတွက် မြေပြင်အရေအတွက်မှာ ယခုထက်ပိုမိုများပြားနိုင်ကြောင်းလည်း ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#စစ်ကောင်စီ

#အမျိုးသမီး

#AAPP

#BWU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly