CDM စစ်သား သေနတ် ၄ လက်ယူပြီး ထွက်ပြေးမှုအပေါ် PDF တာဝန်ရှိသူ ရှင်းလင်း

By ပါခွီး (မဇ္ဈိမ)
02 May 2023
CDM စစ်သား သေနတ် ၄ လက်ယူပြီး ထွက်ပြေးမှုအပေါ် PDF တာဝန်ရှိသူ ရှင်းလင်း

စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး) တပ်ရင်း (၄) ထံသို့ CDM ဝင်ရောက်လာသော စစ်ကောင်စီတပ်သားတစ်ဦး နှစ်လခန့်အကြာတွင် တပ်ဖွဲ့ဝင် အချို့ကို လှည့်ဖျားပြီး သေနတ်လေးလက် ယူဆောင်သွားခြင်းနှင့် ပတ်သက်ပြီး PDF – Tamu တပ်ရင်း (၄) တိုက်ခိုက်ရေးတာဝန်ခံ ဗိုလ်ခန့် က ရှင်းလင်းချက် ထုတ်ပြန်သည်။

ယခုအွန်လိုင်းတွင် ပြန့်နှံ့နေသည့် ဓာတ်ပုံနှင့် ပတ်သက်ပြီး စစ်ကြောင်းထွက်စဉ်က ယခု ထွက်ပြေးသွားခဲ့သည့် စစ်သားမှ ရည်ရွယ်ချက်ရှိရှိ ယခုကဲ့သို့အသုံးချရန် ရိုက်ကူးခဲ့ခြင်းဖြစ်ဟန်တူကြောင်း ဗိုလ်ခန့်က ပြောသည်။

“အခု လူမှုကွန်ရက်တွေမှာ ထွက်ပြေးသွားတဲ့သူနဲ့ ကျနော်ပုံတွဲရိုက်ထားတာကို ဖြန့်ဝေနေပြီး အလိုတူအလိုပါ ပူပေါင်းကြံစည်သလို အထင်လွဲမှားပြောဆိုတာ တချို့ရှိနေတဲ့အတွက် အခုလိုဖြေရှင်းရတာပါ” ဟု ထုတ်ပြန်သော ရုပ်သံဖိုင်တွင် ဗိုလ်ခန့်က ပြောထားသည်။

ဧပြီလ ၂၅ ရက်နေ့က တမူးမြို့လမ်းမကြီးပေါ်၌ ဒုတိယစစ်ကြောင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေချိန် တာဝန်ခံ ဗိုလ်ခန့် ၏ အမိန့်ဟုဆိုကာ တပ်ဖွဲ့ဝင်များထံမှ သေနတ်ကို လိမ်လည်တောင်းယူပြီး စစ်ကောင်စီတပ်ဘက်သို့ ထွက်ပြေးသွားခြင်း ဖြစ်သည်။

အဆိုပါစစ်ကောင်စီတပ်သားသည် CDM ဝင်ရောက်လာပြီးနောက် အဖွဲ့အတွင်း ယုံကြည်မှုရှိစေရန် အခြားတပ်သားတစ်ဦးကို လက်နက်ဖြင့် CDM ဝင်ရောက်ခိုင်းခြင်းကြောင့် ယုံကြည်မှုပေးသည့်အနေဖြင့် ဒုစစ်ကြောင်းမှူးတာဝန်ကို ပေးအပ်ထားချိန်တွင် ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ဆိုသည်။

ယခုဖြစ်ရပ်အပေါ် ၎င်းအနေဖြင့် တာဝန်မကင်းသဖြင့် တမူးပြည်သူလူထုနှင့် ထောက်ပံ့ကူညီပေးသောသူများ၏ ငွေကြေးများဖြင့် ဝယ်ယူထားသော လက်နက်များ ဆုံးရှုံးခဲ့သည့်ပေါ် PDF – Tamu တပ်ရင်း (၄) တိုက်ခိုက်ရေးတာဝန်ခံ ဗိုလ်ခန့်က တောင်းပန်ထားသည်။

ရရာလက်နက်ဖြင့် စစ်အာဏာရှင် အမြစ်ပြုတ်သည်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး တော်လှန်ရေးအပေါ် မည်သည့်အချိန်မှ သစ္စာဖောက်မည်မဟုတ်ကြောင်းလည်း ဗိုလ်ခန့် က ရုပ်သံဖိုင်တွင် ပြောဆိုသည်။

သေနတ်များယူ၍ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သား တိုးတက်ထွန်း(ခ) နန်းဦး (ကိုယ်ပိုင်အမှတ် - တ/၅၂၂၃၉၈) သည် စအရ (၉၁၆) စစ်မြေပြင် BE တပ်မှ ဖြစ်ပြီး နေရပ်လိပ်စာမှာ ဝန်းသိုမြို့က ဖြစ်သည်။

၎င်းသည် ဇနီးဖြစ်သူနှင့်အတူ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် CDM ဝင်ရောက်လာခြင်း ဖြစ်သည်။

အဆိုပါ စစ်ကောင်စီတပ်သား လင်မယားသည် တမူးမြို့ စစ်တပ်ကုန်းနှင့် အောက်ကျင်းရပ်ကွက်ရှိ ပျူစောထီးအဖွဲ့ဝင် ဝတုတ်၏နေအိမ်တွင် ခိုအောင်းနေပြီး သတိကြီးကြီးထားရှိကြရန် လိုအပ်ကြောင်း သတိပေးထားသည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#တမူးမြို့နယ်

#PDF–Tamuတပ်ရင်း၄

#CDMလက်နက်ယူထွက်ပြေး

#Mizzimatv

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly