စစ်ကောင်စီ လက်အောက်ခံများထံမှ လက်နက် ၁၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိထားကြောင်း YGF ထုတ်ပြန်

By ဂျူချန်း (မဇ္ဈိမ)
02 May 2023
စစ်ကောင်စီ လက်အောက်ခံများထံမှ လက်နက် ၁၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိထားကြောင်း YGF ထုတ်ပြန်

မွန်ပြည်နယ် တောင်ပိုင်းတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ရေးပြောက်ကျားတပ်ဖွဲ့ (Ye Guerrilla Force-YGF) သည် အာဏာသိမ်း နှစ်နှစ်တာကာလအတွင်း “ရန်သူလက်နက် မိမိလက်နက်” ဖြစ်ရေး ရည်မှန်းချက်ဖြင့် ကြိုးစားလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံများထံမှ လက်နက် ၁၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိထားကြောင်း မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့တွင် ရေးမြို့နယ်ရှိ ဇီးဖြူသောင် အုပ်ချုပ်ရေးမှုးရုံးအား YGF အဖွဲ့မှ ဝင်ရောက်ပစ်ခတ်ရာတွင် AK-47 အမျိုးအစား သေနတ် နှစ်လက်အား သိမ်းဆည်းရမိခဲ့ပြီး အဆိုပါဖြစ်စဉ်အတွင်း ပြည်သူ့စစ်နှစ်ဦးနှင့် အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ ပြည်သူ့စစ်တစ်ဦးသည် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ပစ်စတို နှစ်လက်၊ လက်ပစ်ဗုံး ၁၁ လုံးနှင့် ကျည်ဆန်များအား YGF အဖွဲ့ထံသို့ လာရောက်အပ်နှံခဲ့သည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကျောင်းကားလုံခြုံရေး ယူပေးသည့် စစ်ကောင်စီတပ်၏ အမတ(၃၁၇) မှ တပ်သားများအား ပစ်ခတ်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ထံမှ MA1 တစ်လက်၊ MA3 တစ်လက်၊ MA40 တစ်လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ခလရ(၅၈၈) အနီး ကြိုးတံတားဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ AK1 တစ်လက်၊ M16 တစ်လက်၊ ကိုးလုံးသေနတ် တစ်လက် နှင့် ကျည်ဆန်များ သိမ်းဆည်းရမိခဲ့ပြီး စက်တင်ဘာ ၁၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှ စစ်ကောင်စီတပ်၏ ပြည်သူ့စစ်ထံမှ AK47 တစ်လက် နှင့် ကျည်ဆန်များ သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။

ရေးမြို့နယ်၊ ချောင်းတောင်အုပ်ချုပ်ရေးမှူးရုံးအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ AK သေနတ် နှစ်လက်၊ AK ရိုင်ဖယ် တစ်လက် နှင့် ကျည်ဆန် ၈၅ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

YGF အဖွဲ့ စတင်ဖွဲ့စည်းချိန်မှ စတင်ကာ လက်ရှိအချိန်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီလက်အောက်ခံ တပ်သားနှင့် ပြည်သူ့စစ် ၁၀၀ နီးပါးအား ရှင်းလင်းနိုင်ခဲ့ရာ YGF ဘက်မှလည်း ရဲဘော်များ ဖမ်းဆီးခံခဲ့ရခြင်း၊ ခဲယမ်းများနှင့် ဆိုင်ကယ်များ ဆုံးရှုံးခြင်းများ ရှိကြောင်း YGF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံမှ သိရသည်။

“ကျဆုံးရဲဘော်တော့ မရှိသေးဘူး။ ထိခိုက်ဒဏ်ရာရတာလောက်ပဲရှိတယ်။ ဖမ်းဆီးမိခဲ့တာတွေလည်းရှိတယ်။ YGF က ရဲဘော်တွေကို စကစ ကမိတာ။ လက်နက်တွေတော့ ဆုံးရှုံးခဲ့ရခြင်းမရှိဘူး။ ခဲယမ်းတွေလောက်တော့ စစ်ကောင်စီတွေဘက်က ရဖူးတာတော့ ရှိတယ်။ ဆိုင်ကယ်တွေတော့ ဆုံးရှုံးဖူးတယ်” ဟု YGF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်စောခေတ်သစ်မှ မဇ္ဈိမ ကိုပြောသည်။

ရေးပြောက်ကျားတပ်ဖွဲ့(YGF) ကို ၂၀၂၁ ခုနှစ် မေလ ၁၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ပွဲပေါင်း ၅၀ ကျော်ကို ဖော်ဆောင်နိုင်ခဲ့ရာ အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီလက်အောက်ခံ ၁၀၀ ကျော်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ခမရ(၅၄၅) တပ်ရင်းမှ ဗိုလ်ကြီး မြတ်သူ ဆိုသူအား အရှင်ဖမ်းမိခဲ့ ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ရေးပြောက်ကျားတပ်ဖွဲ့

#ရေးမြို့နယ်

#စစ်ကောင်စီ

#မွန်ပြည်နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly