ခေါ်နူးစူမ်အမျိုးသားဥယာဉ်အတွင်း မီးရှို့ခြင်း၊ သစ်ထုတ်ခြင်းနှင့် ကျေးငှက်သားရဲများ သတ်ဖြတ်ခြင်းများ မပြုလုပ်ရန် ကန်ပက်လက်(ပအဖ) တားမြစ်

By ကိုခင်မောင်(မဇ္ဈိမ)
02 May 2023
ခေါ်နူးစူမ်အမျိုးသားဥယာဉ်အတွင်း မီးရှို့ခြင်း၊ သစ်ထုတ်ခြင်းနှင့် ကျေးငှက်သားရဲများ သတ်ဖြတ်ခြင်းများ မပြုလုပ်ရန် ကန်ပက်လက်(ပအဖ) တားမြစ်

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်ရှိ အာဆီယံအမွေအနှစ်စာရင်းဝင် နတ်မတောင်(ခ) ခေါ်နူစူမ်အမျိုးသားဥယာဉ်အတွင်း၌ မီးရှို့ခြင်း၊ သစ်တောသစ်ပင်များခုတ်လှဲခြင်း၊ ကျေးငှက်သားရဲများဖမ်းဆီးသတ်ဖြတ်ခြင်းများ မပြုလုပ်ရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ( ကန်ပက်လက်) မှ အသိပေးထုတ်ပြန်သည်။

ကန်ပက်လက်မြို့နယ်၏ ဧရိယာထက်ဝက်ခန့်ရှိသော နတ်မတောင်(ခ) ခေါ်နူစူမ်အမျိုးသားဥယာဉ်အပါအဝင် သစ်တော်ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ ၊ သဘာဝထိန်းသိမ်းတောများအတွင်း နေရာအချို့၌ မီးလောင်ကျွမ်းမှုများဖြစ်ပေါ်နေ၍ နောက်ထပ် မီးရှို့ခြင်းများမပြုလုပ်ရန် အသိပေးတားမြစ်ခြင်းဖြစ်သည်။

ထို့အတူ ကန်ပက်လက်မြို့နယ်ရှိ အဖိုးတန် ကျွန်းသစ်နှင့် သစ်မာပင်များအပြင် သစ်တော၊ သစ်ပင်များရှိသော ဒေသခံများ၏ သဘာဝထိန်းသိမ်းတောများအတွင်း တောမီးရှို့ခြင်း၊ တရားမဝင်သစ်ခိုးထုတ်ခြင်း နှင့် တောင်ယာခုတ်ခြင်းများမပြုလုပ်ရန် တားမြစ်ပိတ်ပင်ထားကြောင်း ဖော်ပြသည်။

မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်များကို လိုက်နာခြင်းမရှိဘဲ ချိုးဖောက်သူများအား သစ်တောဥပဒေအရသော်လည်းကောင်း၊ တော်လှန်ရေးကာလ သဘာဝသစ်တောများ ထိန်းသိမ်းစောင့်ရှောက်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဟုလည်း ကန်ပက်လက်(ပအဖ) က အသိပေးထားသည်။

နတ်မတောင်(ခ) ခေါ်နူစူမ်အမျိုးသားဥယာဉ်သည် သဘာဝဂေဟစနစ်ကောင်းမွန်၍ ဇီဝမျိုးစုံမျိုးကွဲများတည်ရှိရာဖြစ်သောကြောင့် သဘာဝအခြေခံခရီးသွားများ လာရောက်လည်ပတ်လေ့ရှိသော နေရာဖြစ်ပြီး အစိုးရအဆက်ဆက်တွင် ထိန်းသိမ်းစောင့်ရှောက်လာသော အမွေအနှစ်တစ်ခုဖြစ်သည်။

မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ကျေးငှက်များ အသိုက်အတွင်း ဥများချပြီး သားပေါက်ချိန်ဖြစ်သော မေလ မှ ဇူလိုင်လအထိ သုံးလတာအတွင်း ငှက်ပစ်အမဲလိုက်ခြင်း မပြုလုပ်ရန်တားမြစ် ပိတ်ပင်ချက်ကို ဧပြီလ ၂၉ရက်နေ့တွင် ထုတ်ပြန်ထားပြီးဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

Photo Crd to Original uploader

#mizzima

#မင်းတပ်မြို့နယ်

#ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

#အမျိုးသားဥယာဉ်

#ကန်ပက်လက်မြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly