စစ်ကောင်စီတပ်မှ KNU နယ်မြေများတွင် ၃ လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၆၂၈ ကြိမ် ပြုလုပ်ခဲ့

By YT (မဇ္ဈိမ)
02 May 2023
စစ်ကောင်စီတပ်မှ KNU နယ်မြေများတွင် ၃ လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၆၂၈ ကြိမ် ပြုလုပ်ခဲ့

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေ အုပ်ချုပ်နယ်မြေများတွင် စစ်ကောင်စီတပ်က သုံးလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှုပေါင်း ၆၂၈ ကြိမ် ပြုလုပ်ခဲ့ကြောင်း KNU သတင်းနှင့်ပြန်ကြားရေး(ဗဟို)မှ မေလ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအတွင်း စစ်ကောင်စီတပ်၏ အရပ်သားပစ်မှတ်များအပေါ် အဓိကထားကာ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့်ပစ်ခတ်ခြင်း၊ ရွာသားများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရွာသားများအသုံးပြုသော လမ်းတွင် မိုင်းထောင်ခြင်းအစရှိသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးအစား ၁၄ မျိုးပါဝင်သည်။

လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း ဒေသခံ ၅၅ ဦးသေဆုံးခဲ့ရပြီး ၁၆၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ၊ ဒေသခံနေအိမ် ၆၃၁ လုံးခန့် ပျက်စီးခဲ့ရကြောင်း သိရသည်။

ယင်းအနက် ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ အစရှိသည့် ပြည်သူပိုင်အဆောက်အအုံများစွာလည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။

" အရပ်သားပစ်မှတ်များအပေါ် လူ့အခွင့်အရေးချိုးဖောက်ခြင်း၏ အကြောင်းအရင်းသည် KNU နယ်မြေများအတွင်းရှိ ပြည်သူလူထုများ၏ မည်သည့်ပိုင်ဆိုင်မှုမဆို ပျက်စီးဆုံးရှုံးခြင်းရှိပါက KNU ထံသို့ အထောက်အပံ့များရောက်တော့မည် မဟုတ်ဟူသည့် ခံယူချက်ဖြင့် ကျူးလွန်ခြင်း " ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအတွင်း ဒေသခံပြည်သူများအား ပစ်မှတ်ထား၍ တိုက်လေယာဉ်၊ တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်၊ ဒရုန်းများကိုအသုံးပြုကာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၁၆ ကြိမ်အထိပြုလုပ်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုသည် KNU တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်တွင် အများဆုံးဖြစ်ခဲ့ပြီး ၇၁ ကြိမ်ခန့်ရှိကာ တပ်မဟာ (၅) မူတြော်ခရိုင်တွင် ၃၄ ကြိမ်ရှိပြီး ဒုတိယအများဆုံး ဖြစ်ခဲ့ကြောင်းဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ သုံးလတာအတွင်း စစ်ကောင်စီတပ်သည် ကျေးရွာရှစ်ရွာမှ ဒေသခံပြည်သူ ၁,၁၀၉ ဦးအား အတင်းအဓမ္မ ခြိမ်းခြောက်စေခိုင်းခြင်းပြုလုပ်ခဲ့ပြီး ကျေးရွာနှစ်ရွာမှ ဒေသခံပြည်သူ ၂,၈၁၁ ဦး၊ နေအိမ် ၄၈၆ လုံးတို့အား အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းခဲ့ကြောင်းလည်း သိရသည်။

ယမန်နေ့ မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအတွင်းသာဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလတွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု များစွာရှိခဲ့ကြောင်း သိရသည်။

စာတည်း ။။ Alden

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ကရင်အမျိုးသားအစည်းအရုံး

#KNU

#နယ်မြေ

#လူ့အခွင့်အရေး

#စစ်ရာဇဝတ်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly