ပြည်သူလူထုရဲ့ ဆန္ဒ စစ်တမ်း ကောက်ကြည့်ဖို့လိုမလား | သတင်းသုံးသပ်ချက်

By လုံးကြီးတင်
02 May 2023
ပြည်သူလူထုရဲ့ ဆန္ဒ စစ်တမ်း ကောက်ကြည့်ဖို့လိုမလား | သတင်းသုံးသပ်ချက်

အကြမ်းဖက် စစ်ကောင်စီဟာ မြန်မာပြည်တွင်းမှာ နေထိုင်နေတဲ့ ပြည်သူတွေကို တောရော၊ မြို့ပါမကျန် တစ်နေ့တစ်နေ့ မရိုးရအောင် နည်းမျိုးစုံနဲ့ နှိပ်စက်ညှဉ်းပမ်းနေတာ ဖြစ်ပါတယ်။

တော်လှန်ရေးနယ်မြေတွေမှာ ပြည်သူတွေကို စစ်ကောင်စီက မထင်ရင်မထင်သလို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ လေကြောင်းက ဗုံးကျဲတာ၊ ရွာတွေကို မီးရှို့တာတွေ လုပ်နေတာ ကမ္ဘာသိဖြစ်ပါတယ်။ 
ဒီနှစ် ၄ လတာအတွင်းမှာတင် စစ်ကောင်စီကြောင့် ပြည်တွင်း စစ်ဘေးရှောင် ပြည်သူပေါင်း ၇ သိန်း ကျော်သွားပြီလို့ သိရပါတယ်။ အများစုက စားနပ်ရိက္ခာအခက်အခဲ ဆေးဝါး၊ အဝတ်အထည် အခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။  

မြို့ပေါ်မှာနေကြတဲ့ သူတွေကိုလည်း နည်းမျိုးစုံနဲ့ စိတ်၊ ခန္တာနှစ်ရပ်စလုံး ပင်ပန်းဆင်းရဲအောင် စစ်ကောင်စီက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

လူနေထူထပ်တဲ့ ရန်ကုန်လို၊ မန္တလေးလို မြို့ကြီးတွေမှာ လျှပ်စစ်မီး မှန်မှန်မရတာကြောင့် သောက်ရေ၊ သုံးရေ အခက်အခဲနဲ့ ရင်ဆိုင်နေရပြီး အပူချိန်မြင့်တက်တဲ့ ဒဏ်ကိုလည်း ခါးစည်းခံနေရတာ ဖြစ်ပါတယ်။

မန္တလေးမှာဆိုရင် လျှပ်စစ်မီးက ၂၄ နာရီမှာ ၁ နာရီလောက်ပဲ လာတော့တဲ့အတွက် သောက်သုံးရေ လုံးဝ ပြတ်လပ်တဲ့ နေရာတွေတောင် ရှိနေပါပြီ။ 

ရန်ကုန်မှာတော့ မထင်ရင်မထင်သလို ဘတ်စ်ကားသွားတဲ့ လမ်းရှည်ကြီးတွေကို ကြိုတင်ကြေညာခြင်း မရှိဘဲ ပိတ်လိုက်မျိုး ရှိတတ်လို့ တခြားယာဉ်ကျောတွေမှာ ပိတ်ဆို့မှုတွေကြောင့် ပြည်သူလူထု လုပ်ငန်းခွင်ဝင်ဖို့ နောက်ကျတာမျိုး မကြာခဏ ကြားသိနေရပါတယ်။

ဒီနေ့မနက်မှာတော့ ရွှေတိဂုံစေတီကို သံဃာတော် ၁၁၁၁၁ ပါးနဲ့ ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓဘိသေက အနေကဇာတင် အခမ်းအနား လုပ်ဖို့အတွက် အစမ်းလေ့ကျင့်ပွဲဆိုပြီး ပြည်လမ်းနဲ့ အင်းစိန်လမ်းမကြီးဘက်က လာတဲ့ကားတွေကို ဟံသာဝတီအဝိုင်းကနေ စပိတ်ထားလို့ ယာဉ်ကျောတွေ ရှုပ်ထွေးကုန်ခဲ့ပါတယ်။

ဒါ့အပြင် ဗုဒ္ဓဘိသေက အနေကဇာတင် အခမ်းအနား အစမ်းလေ့ကျင့်ဖို့ သံဃာတော်တွေကို ပင့်ဆောင်ဖို့ အတွက် YBS ကားတွေကို စစ်ကောင်စီက အဓမ္မ ချောဆွဲခဲ့တာကြောင့် ရုံးချိန် ကားမှတ်တိုင်တွေမှာ လူတွေ စုပုံနေတာ တွေ့ရပါတယ်။

ယာဉ်မောင်းတွေလည်း တညလုံး ဂတ်စ်တန်းစီရ၊ မနက် ၄ နာရီထိုးကြီး သံဃာတော်တွေကို သွားကြိုပေးရနဲ့ ဒုက္ခများကြရပါတယ်။

ပြီးခဲ့တဲ့ မတ်လထဲမှာလည်း ပြည်သူ့ရင်ပြင်မှာ ဈေးပွဲတော်ရှိလို့ဆိုပြီး ပြည်လမ်းကို ပိတ်ခဲ့တာကြောင့် တခြား ယာဉ်ကျောတွေ အကုန်ကြပ်ညပ်ကုန်ပါသေးတယ်။

စစ်ကောင်စီဟာ ပြည်သူလူထုကို ငဲ့ညှာမှုမရှိဘဲ၊ ထင်တိုင်းကျဲ၊ သူတို့လက်ခုပ်ထဲက ရေလို သွန်ချင်သွန် မှောက်ချင်မှောက် လုပ်နေတာပါ။

စစ်ကောင်စီလက်ထက်မှာ ပြည်သူလူထုဟာ တောလည်းတောမို့၊ မြို့ပေါ်လည်း မြို့ပေါ်မို့ ဒုက္ခပေါင်းစုံကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ပြည်သူအတွက် ဘာတစ်ခုမှ ကောင်းရာကောင်းကြောင်း လုပ်မပေးတဲ့ စစ်ကောင်စီဟာ မြို့ပေါ်တွေမှာ စည်ကားနေတယ်ဆိုတာ ပြသဖို့အတွက် အခမ်းအနားတွေ၊ ပွဲသဘင်တွေကိုတော့ ငွေကြေးများစွာ အကုန်အကျခံပြီး မကြာခဏ ကျင်းပနေပါတယ်။

ဘာသာရေး အဆောက်အအုံတွေကို ဖျက်ဆီး၊ ဘာသာရေးခေါင်းဆောင်တွေကို သတ်ဖြတ်၊ ဖမ်းဆီး တာတွေ လုပ်နေတဲ့ စစ်ကောင်စီဟာ တစ်ဖက်မှာတော့ ဟန်ပြ ဘာသာရေးပွဲတော်တွေ အကြီးအကျယ် ကျင်းပနေတာ ဖြစ်ပါတယ်။  

အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ယာယီသမ္မတကြီး ဒူးဝါးလရှီးက ဒီနေ့ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေး ကနေတစ်ဆင့် နိုင်ငံတကာနဲ့ ကုလသမဂ္ဂကို မြန်မာပြည်သူတွေဟာ စစ်ကောင်စီလက်ထဲမှာ တစ်နေ့ တစ်ရက်တောင် မနေချင်ဘူးဆိုပြီး ပြောလိုက်ပါတယ်။

ယာယီသမ္မတကြီး ပြောတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ တစ်ထပ်တည်း ကျပါတယ်။ တကယ်လည်း မြန်မာပြည်သူတွေဟာ စစ်ကောင်စီလက်ထဲမှာ တစ်နေ့တစ်ရက်တောင် မနေချင်ဘူးဆိုတာ စစ်တမ်း ကောက်ကြည့်စရာတောင် လိုမယ်မထင်ကြောင်း ဖော်ပြလိုက်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly