ဗိုလ်မှူးကြီး ဇင်မောင်လွင် သေဆုံးခဲ့သည့် လှိုင်သာယာတွင် ရာအိမ်မှူး ပစ်သတ်ခံရ

By ဂန္ဒမာ (မဇ္ဈိမ)
02 May 2023
ဗိုလ်မှူးကြီး ဇင်မောင်လွင် သေဆုံးခဲ့သည့် လှိုင်သာယာတွင် ရာအိမ်မှူး ပစ်သတ်ခံရ

ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးကြီး ဇင်မောင်လွင် သေဆုံးခဲ့သော ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသွားကြောင်း လှိုင်သာယာ မြေပြင်သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို အတည်ပြုသည်။

လှိုင်သာယာ အမှတ် (၃) ရပ်ကွက်၏ ရာအိမ်မှူးဖြစ်သူ ဦးသက်ပိုင်သည် ယမန်နေ့ မေလ ၁ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန်က ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်။

၎င်းသည် အမှတ် (၃) ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် နတ်ရှင်နောင်လမ်း ထိပ်တွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း မြေပြင် သတင်းရင်းမြစ်က ပြောသည်။

“ငပိုင်က တော်တော်ဆိုးတယ်လို့ သူ့ရပ်ကွက်ကနေ သိရတယ်၊ စာတောင် ကောင်းကောင်းမတတ်ဖူးတဲ့၊ ရပ်ကွက်ထဲ တစ်ခုခုဆိုတာနဲ့ ပိုက်ဆံ တောင်းတယ်၊ အခု သူသေတာ တစ်ရပ်ကွက်လုံးပျော်နေကြတယ်” ဟု လှိုင်သာယာ မြေပြင်သတင်းရင်း မြစ်က ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သေဆုံးသူ ရာအိမ်မှူး ဦးသက်ပိုင် ရုပ်အလောင်းအား စစ်ကောင်စီတပ်သားများနှင့် ရဲများက ယူဆောင်သွားကာ အခင်းဖြစ်ရာနေရာတစ်ဝိုက် လမ်းပိတ်ဆို့ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးကြီး ဇင်မောင်လွင်သည် လှိုင်သာယာ အနောက်ပိုင်း (၁၂) ရပ်ကွက် ရုံးအနီးတွင် ဧပြီ ၁၃ ရက်ညက ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုအပြီး လာရောက်စစ်ဆေးစဉ် ထပ်မံဗုံးပေါက်ကွဲပြီး သေဆုံးသွားခြင်း ဖြစ်သည်။

အဆိုပါ ပေါက်ကွဲမှုတွင် ၎င်းအပြင် စစ်ကောင်စီတပ်သားများနှင့် ရာအိမ်မှူးအချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီး လက်ရှိအချိန်ထိ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် စစ်ကောင်စီတပ်နှင့် ၎င်းတို့နှင့် ဆက်စပ်သူများကို ပစ်မှတ်ထားသော တိုက်ခိုက်မှုများနှင့် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#လှိုင်သာယာ

#အမှတ်(၃)

#ရာအိမ်မှူးအသတ်ခံရရန်ကုန်

#Mizzimatv

ဓာတ်ပုံ- ပစ်သတ်ခံရသော ရာအိမ်မှူး ဦးသက်ပိုင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly