မြန်မာနှင့် ရုရှား ဖိတ်ကြားခြင်း မခံရသည့် ချားလ်ဘုရင် နန်းတက်ပွဲ ဘယ်သူတွေ တက်ရောက်မှာလဲ

By AFP \ Mizzima
02 May 2023
မြန်မာနှင့် ရုရှား ဖိတ်ကြားခြင်း မခံရသည့် ချားလ်ဘုရင် နန်းတက်ပွဲ ဘယ်သူတွေ တက်ရောက်မှာလဲ

တတိယမြောက် ချားလ်ဘုရင်၏ နန်းတက်ပွဲအခမ်းအနားကို လူ ၂,၀၀၀ ခန့် တက်ရောက်မည် ဖြစ်ပြီး ယင်းသည် ၁၉၅၃ ခုနှစ်က ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်၏ ထီးနန်းတက်ပွဲအတွက် ဝက်ဘ်မင်စတာ ဘုရားကျောင်းသို့ လာရောက်ခဲ့သည့် ဧည့်သည် ၈,၀၀၀ ကျော်နှင့် ယှဉ်ပါက များစွာ လျော့နည်းနေသည်။ ထို့ပြင် ယခု ချားလ်ဘုရင် နန်းတက်ပွဲတွင် မြန်မာနှင့် ရုရှား ဖိတ်ကြားခြင်း မခံရသည်က အံ့အားသင့်စရာတော့ မဟုတ်ပေ။

ချားလ်ဘုရင်၏ နန်းတက်ပွဲ အခမ်းအနားကို ၂၀၂၃ ၊ မေ ၆ ရက်တွင် စတင်မည် ဖြစ်သည်။
အောက်ပါတို့သည် ထို နန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်လာဖွယ် ရှိသူများနှင့် မတက်ရောက်မည့်သူများနှင့်ပတ်သက်ပြီး မိမိတို့ သိရှိထားသမျှ ဖြစ်သည်။

အခမ်းအနား တက်ရောက်မည်ဟု သိထားရသူများ
-မင်းသား ဟယ်ရီ။ ဗြိတိန်တော်ဝင် တာဝန်ဝတ္တရားများကို စွန့်လွှတ်ပြီး မကျေနပ်မှုများကို လူသိရှင်ကြား ထုတ်ပြောပြီးနောက် တော်ဝင်မိသားစုဝင် အများစုနှင့် ခပ်တန်းတန်း ဖြစ်သွားသော မင်းသား ဟယ်ရီက ယခု အခမ်းအနားကို တက်ရောက်မည်ဟု အတည်ပြုသည်။ ထိုမတိုင်မီက ဘက်ကင်ဟမ် နန်းတော်နှင့် လများကြာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ရသည်ဟု သိရသည်။
သူ၏ ဇနီး မီဂန်ကမူ ၎င်းတို့၏ ကလေးများနှင့် ကယ်လီဖိုးနီးယားရှိ အိမ်တွင် ရှိနေမည် ဖြစ်သည်။
-ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၊ ဩစတြေးလျဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီးစ်၊ ဂျာမနီ သမ္မတ ဖရန့်-ဝေါ်တာ စတိန်မီယာ၊ ပိုလန် သမ္မတ အန်ဒရေ ဒူဒါ၊ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လေယန်း၊ နယူးဇီလန် ဝန်ကြီးချုပ် ခရစ် ဟစ်ပ်ကင်စ်၊ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ။
-တရုတ် ဒုသမ္မတ ဟန်ကျန်း။ တရုတ် ဒုသမ္မတ၏ ဖြစ်နိုင်ခြေရှိ အခမ်းအနားတက်ရောက်မှုက “လက်ခံ နိုင်ဖွယ်ရာ မရှိ” ဟု တရုတ်ကို ဝေဖန်သူ စီနီယာ ကွန်ဆာဗေးတစ် လွှတ်တော်အမတ် အိုင်ယိန်း ဒန်ကန် စမစ်သ်က ပြောသည်။ ဟန်ကျန်းသည် ဟောင်ကောင်၏ လွတ်လပ်ခွင့်များအပေါ် ဖြိုခွင်းနှိမ်နင်းခြင်းကို ကြီးကြပ်ခြင်းအားဖြင့် ဗြိတိန်နှင့် တရုတ်၏ ဟောင်ကောင်စာချုပ်ကို ဖျက်ဆီးမှုအတွက် တာဝန်ရှိသည်ဟု ဒန်ကန် စမစ်သ်က ပြောသည်။
-မြောက်အိုင်ယာလန်၏ အမျိုးသားရေးဝါဒီ ရွေးကောက်ခံ ဝန်ကြီးချုပ် မစ်ချယ်လီ အိုး နေးလ်။ သူမ၏ ပါတီဖြစ်သည့် Sinn Fein က အိုင်ယာလန်ကျွန်း ပြန်လည်ပေါင်းစည်းရေးကို လိုလားပြီး ဘုရင်စနစ်ကို ဆန့်ကျင်သည်။ Sinn Fein သည် ယခင်က အိုင်းရစ် ရီပတ်ဘလစ်ကန် တပ်မတော် (IRA) တပ်ဖွဲ့၏ နိုင်ငံရေးအဖွဲ့ ဖြစ်ခဲ့သည်။ IRA သည် ၁၉၇၉ ခုနှစ်တွင် ချားလ်၏ ဦးလေး၊ လမ်းညွှန်ပြသသူ လူးဝစ် မောင့်ဘတ်တန်ကို လုပ်ကြံခဲ့သည်။
-ဗြိတိန် ဝန်ကြီးချုပ် ရစ်ရှီ ဆူနက်ခ်နှင့် ဇနီး အက်ခ်ရှာတာ မာတီ တို့နှင့်အတူ အစိုးရဝန်ကြီးအဖွဲ့ အဖွဲ့ဝင်များ။
-ချို့ငဲ့သူများ ကူညီရေးအတွက် ငွေကြေးရှာဖွေမတည်ရန် ပန်းခြံထဲရှိ မိုးကာတဲတစ်ခု၌ သုံးနှစ်ကြာ အိပ်ခဲ့သူ အင်္ဂလိပ်ကျောင်းသား မက်စ် ဝူးဆေးနှင့် COVID-19 လော့ခ်ဒေါင်းကာလအတွင်း လူများကို ဆရာဝန်ညွှန်းဆေး ၁၀,၀၀၀ ဖြန့်ဝေခဲ့သည့် ရစ်ချတ် သောမတ်စ် အပါအဝင် ဗြိတိန်နန်းတော်၏ ဂုဏ်ပြုခြင်းကို ခံထားရသည့် ရာနှင့်ချီသော လူအစုအဖွဲ့ ဟီးရိုးများ။
-တော်ဝင် မိသားစုက ထောက်ပံ့ပေးသည့် အဖွဲ့အစည်းများမှ လူငယ် ၄၀၀ ။
-စပိန် ဘုရင် ဖိလစ် နှင့် မိဖုရား လတ်တီဇီယာ၊ ဒိန်းမတ် အိမ်ရှေ့မင်းသား ဖရီဒါရစ်ခ်နှင့် အိမ်ရှေ့ မိဖုရား မယ်ရီ၊ ဂျပန် အိမ်ရှေ့မင်းသား ဖူမီဟီတိုနှင့် အိမ်ရှေ့ မိဖုရား ကီကို၊ နော်ဝေ အိမ်ရှေ့မင်းသား ဟာကွန်းနှင့် အိမ်ရှေ့မိဖုရား မက်တေ-မာရစ်၊ နယ်သာလန် ဘုရင် ဝီလီယံ-အလက်ဇန္ဒားနှင့် မိဖုရား မက်ဇီမာ၊ မိုနာကို မင်းသားကြီး အယ်လ်ဘတ်နှင့် ကြင်ရာ ချားလင်း၊ ဘယ်လ်ဂျီယံ ဘုရင် ဖိလစ်ပ်နှင့် မိဖုရား မက်သီလ်ဒီ၊ ဂျော်ဒန် ဘုရင် အဗ္ဗဒူလာနှင့် မိဖုရား ရာနီယာ၊ ဂရိ တော်ဝင်မိသားစုမှ အန်နီ-မေရီနှင့် ပက်ဗ်လို့စ်၊ ရိုမေးနီးယား ထီးနန်း၏ ထိန်းသိမ်းစောင့်ရှောက်သူ မာဂရက်တာနှင့် မင်းသား ရာဒူ၊ လူဇင်ဘတ်၏ မင်းသား ဟင်နရီနှင့် မင်းသမီး မာရီယာ သရီဆာ၊ မာအိုရီ ဘုရင် တူဟေတီယာ၊ ဆွီဒင်၏ ဘုရင် ကားလ် ၁၆ ဂုစ်တက်ဖ်နှင့် အိမ်ရှေ့စံ မင်းသမီး ဗစ်တိုးရီးယား၊ ထိုင်းဘုရင် မဟာ ဝီဇယာလောင်ကွန်းနှင့် မိဖုရား စုသီဒါ တို့အပါအဝင် တော်ဝင်ပုဂ္ဂိုလ်များ။
-ယူကေ ပါလီမန်၏ အထက်၊ အောက် လွှတ်တော်များမှ လွှတ်တော်အမတ် ၈၀ ဦးခန့်။
-အစားအသောက်ရေးရာ စာရေးသူ တွန် ပါကား ဘိုလက်စ်နှင့် အနုပညာ ပြတိုက်မှူး လော်ရာ လိုပက်စ်။ ဗြိတိန်ဘုရင်၏ ကြင်ယာတော် ကာမီလာ၏ သားသမီးများ။ ကာမီလာ၏ ပထမခင်ပွန်း အန်ဒရူးစ် ပါကာ ဘိုလက်စ်။

မတက်ရောက်မည့် သူများ သို့မဟုတ် ဖိတ်ကြားခြင်း မခံရသူများ
-အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ကိုယ်စား သမ္မတကတော် ဂျီလ် ဘိုင်ဒင် တက်ရောက်မည် ဖြစ်သည်။ ယင်းက ထုံးတမ်းအစဉ်အလာနှင့် အညီဖြစ်ကြောင်းနှင့် ဗြိတိန် နိုင်ငံဦးသျှောင်တစ်ဦး၏ နန်းတက်ပွဲသို့ အမေရိကန်သမ္မတတစ်ဦး တက်ရောက်ဖူးထားခြင်း မရှိကြောင်း ယူကေနှင့် အမေရိကန်တာဝန်ရှိသူများက ပြောသည်။
အိုင်းရစ် မျိုးရိုးဇာစ်မြစ်နှင့်ပတ်သက်ပြီး ဂုဏ်ယူသည့် ဘိုင်ဒင် ယခုအခမ်းအနား မတက်ရောက်ခြင်းက “အရေးမစိုက်မှု” သဘောမျိုး မဟုတ်ကြောင်း အိမ်ဖြူတော်က အခိုင်အမာ ပြောသည်။
အမေရိကန်သမ္မတနှင့် ဗြိတိန်ဘုရင်တို့သည် “ကောင်းမွန်သည့် ဆက်ဆံရေး” ရှိကြောင်းနှင့် ယူကေသို့ နိုင်ငံတော်ခရီး လာရောက်ရန် ချားလ်ဘုရင်၏ ဖိတ်ကြားချက်ကို ဘိုင်ဒင်က လက်ခံထားပြီးဖြစ်ကြောင်း ယင်းက ပြောသည်။
-မြန်မာအာဏာသိမ်းစစ်ကောင်စီနှင့် ရုရှားတို့ ဖိတ်ကြားခြင်း မခံရပါ။ ယင်းမှာ မြန်မာစစ်အာဏာသိမ်းမှုနှင့် ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်မှုနှင့်ပတ်သက်ပြီး ဗြိတိန်၏ ရပ်တည်ချက် သဘောထားကြောင့် ဖြစ်သည်။
-မင်းသား ဟယ်ရီ၏ ဇနီး မီဂန်သည် ၎င်းတို့၏ ကလေးများဖြစ်သည့် လီလီဘတ်၊ အာချီတို့နှင့်အတူ ကယ်လီဖိုးနီးယားတွင်သာ ရှိနေမည် ဖြစ်သည်။ နန်းတက်ပွဲနေ့သည် အာချီ၏ လေးနှစ်ပြည့်မြောက်သည့် မွေးနေ့ဖြစ်သည်။
-ဗြိတိန်၏ တော်ဝင် မဟုတ်သော မြို့စားကြီး၊ နယ်စားကြီး ၂၄ ဦး၏ အများစု။ ပုံမှန်အားဖြင့် မင်းမျိုးစိုးနွယ်ဝင်များသည် နန်းတက်ပွဲအခမ်းအနားတက် ဝတ်ရုံများ၊ သရဖူငယ်တို့ဖြင့် တက်ရောက်လေ့ ရှိသော်လည်း ယခုအခါတွင် အခမ်းအနား ဖိတ်ကြားမှု စာရင်းကို “မင်းမျိုးစိုးနွယ်ဝင်ထက် အရည်အသွေးအလျောက် မြှောက်စားမှုစနစ်အပေါ်တွင် အခြေခံစေရန် ချားလ်က ဆန္ဒသဘောထား ရှိခဲ့သည် ဆိုသည့်အတွက် ၎င်းတို့အနေဖြင့် တက်ရောက်နိုင်ခြင်း မရှိသည့်ဟန် ရှိသည်။
ရတ်လန်း နယ်စားကြီးက ၎င်းအနေဖြင့် စိတ်ပျက်ရကြောင်းနှင့် ၎င်းကဲ့သို့ မိသားစုများသည် တော်ဝင်မိသားစုကို နှစ် ၁,၀၀၀ ကြာ ထောက်ခံခဲ့သူများဖြစ်ကြောင်း Daily Mail ကို ပြောသည်။
-ဗြိတိန်လွှတ်တော်အမတ်များသည် အိမ်ထောင်ဖက်များ သို့မဟုတ် ကြင်ဖော် ကြင်ဖက်များကို ခေါ်လာခွင့် မရဟု သိရသည်။
-ဗြိတိန်ဘုရင်၏ ညီ၊ လက်ရှိ တော်ဝင်မိသားစု၏ ဝင်ဆာ ပုရဝုဏ်တွင် ၎င်းနှင့်အတူ နေထိုင်လျက် ရှိသည့် မင်းသား အန်ဒရူး၏ ဇနီးဟောင်း ဆာရာ ဖာဂူဆန်။ ဖာဂူဆန်သည် တော်ဝင်မိသားစုကို ထပ်ခါထပ်ခါ အရှက်ရစေခဲ့သည်ဟု သိရသည်။
-ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘတ်၏ ၁၉၄၇ လက်ထပ်ပွဲမှ လက်ရှိသက်ရှိထင်ရှား ကျန်ရစ်သည့် အပျိုရံနှစ်ဦးအနက်မှ တစ်ဦးဖြစ်သလို လူးဝစ် မောင့်ဘတ်တန်၏ သမီး အသက် ၉၄ နှစ်ရှိ ပါမယ်လာ မောင့်ဘတ်တန်။
မိမိတို့ မိသားစုကို တော်ဝင် လက်ထောက်တစ်ဦးမှ ဆက်သွယ်ခဲ့ကြောင်း သမီးဖြစ်သူ အင်ဒီယာ ဟစ်က အင်စတာဂရမ်မှတစ်ဆင့် ပြောသည်။ အခမ်းအနားအတွက် လျှော့ချခံရသည့် လူစာရင်းကြောင့် မိသားစုများနှင့် မိတ်ဆွေ အများအပြားကို စိတ်အနှောင့်အယှက်ဖြစ်စေခြင်းအတွက် ဗြိတိန်ဘုရင်က တောင်းပန်ခြင်း ဖြစ်သည်ဟု ၎င်းတို့အနေဖြင့် နားလည်ကြောင်း သူမက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly