မြန်မာပြည်သူများ စစ်ကောင်စီလက်အောက်တွင် တစ်ရက်မျှ မနေလိုကြောင်း နိုင်ငံတကာသို့ NUG ယာယီသမ္မတပြော

မြန်မာပြည်သူများ စစ်ကောင်စီလက်အောက်တွင် တစ်ရက်မျှ မနေလိုကြောင်း နိုင်ငံတကာသို့ NUG ယာယီသမ္မတပြော

မြန်မာပြည်သူများ စစ်ကောင်စီလက်အောက်တွင် တစ်ရက်မျှ မနေလိုကြောင်း နိုင်ငံတကာသို့ အမျိုးသားညီညွတ်ရေးအစိုးရ( NUG )ယာယီသမ္မတ ဒူဝါလရှီးလက အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောသည်။

" ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းကို ကျွန်တော်ဒီနေရာကနေ ပြောချင်တာကတော့ ကျွန်တော်တို့ ပြည်သူတွေအများစုဟာ ဒီအကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်မှု လက်အောက်မှာ တစ်ရက်လေးမှကို ဆက်လက်နေထိုင်လိုတဲ့ ဆန္ဒမရှိကြပါဘူး။ အကြမ်းဖက်စစ်တပ်ရဲ့ ဖိနှိပ်မှုကို တစ်ရက်ထပ်ခံရရင် အသက်၊ အိုးအိမ်၊ စည်းစိမ်ဆုံးရှုံးနေရတဲ့ ပြည်သူအရေအတွက်ကလည်း ထပ်ထပ်ပြီး တိုးလာနေမှာဖြစ်တယ်ဆိုတာပါပဲ" ဟု NUG ယာယီသမ္မတကြီးက ပြောသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူများ နာကျင်ခံစားနေရသည်ကို လျစ်လျူမရှုသင့်ကြောင်း၊ ဆွေးနွေးပွဲများတွင် မြန်မာပြည်သူများ၏ ဆန္ဒကို အလေးထားသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

" အကြမ်းဖက် စစ်ခေါင်းဆောင်ကတော့ သူမလုပ်ရဲတာ မရှိဘူးလို့ ပြောခဲ့တဲ့အတိုင်း ဒေလီမှာ ကျင်းပမယ့် Track 1.5 Dialogue အစည်းအဝေး မတိုင်ခင်မှာဘဲ လူပေါင်း ၁၆၈ ယောက် သေဆုံးခဲ့တဲ့ အကြီးမားဆုံး လူသတ်ပွဲကြီးကို အားရပါးရ လုပ်ခဲ့တာ နိုင်ငံတကာက သိရှိပြီးဖြစ်မှာပါ" ဟု ယာယီသမ္မတကြီး က ပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီအရေးမှာ မြန်မာနိုင်ငံအတွက်အရေးကြီးကြောင်း၊ ယင်းကြောင့် ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းပဋိညာဉ်ကို အကောင်အထည်ဖော်ရန် အချင်းချင်းပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ယာယီသမ္မတကြီးက ပြောသည်။

" ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်/တိုင်း ဖက်ဒရယ်ယူနစ်များအကြား အစိုးရအချင်းချင်းကြားမှာ အပြုသဘောဆောင်တဲ့ လုပ်ငန်းလမ်းညွှန်မှုတွေ ပေါ်ပေါက်လာဖို့အတွက် အင်တိုက် အားတိုက် လုပ်ဆောင်ကြဖို့လိုတယ်လို့ ပြောလိုပါတယ်" ဟု ၎င်းကပြောသည်။

NUG အစိုးရအဖွဲ့မှာ ပြည်သူများ၏ ဆန္ဒအရ ပေါ်ပေါက်လာခြင်း ဖြစ်ပြီး ပြည်သူ့ဆန္ဒကိုသာ ဦးထိပ်ထားမည်ဖြစ်ကြောင်း၊ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ စစ်ကောင်စီပြုတ်ကျရေးကို ဆောင်ရွက်မည်ဖြစ်ကြောင်း ယာယီသမ္မတကြီးက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzimatv

#ပြည်သူ့ဆန္ဒ

#ဖက်ဒရယ်ယူနစ်များ

#ပြည်ထောင်စုအစိုးရ

#NUG

#ယာယီသမ္မတ

ဓာတ်ပုံ - ပုံဟောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly