ဧပြီလအတွင်း စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်ဒေသခံ ၃ ဦးသေ၊ ၉ ဦး ဒဏ်ရာရ

By ကိုခင်မောင် (မဇ္ဈိမ)
02 May 2023
ဧပြီလအတွင်း စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်ဒေသခံ ၃ ဦးသေ၊ ၉ ဦး ဒဏ်ရာရ

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် ဧပြီလတစ်လအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၉ ကြိမ်ပြုလုပ်ခဲ့၍ ဒေသခံ သုံးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့သည်ဟု Chin Defence Force -Mindat မှ သတင်းထုတ်ပြန်သည်။

ဧပြီတစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် ထိတွေ့တိုက်ပွဲဖြစ်စဉ်များကို တင်ပြသည့်အစီရင်ခံစာအား CDF – Mindat မှ မေလ ၁ ရက်နေ့၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ CDF-Mindat အနေနဲ့ လက်ကျန်ဗုံးဆံတွေ၊ မပေါက်ကွဲသေးတဲ့ ဗုံးဆံတွေကို အကုန် မီးရှို့ရှင်းလင်းထား ပါတယ် ” ဟု CDF မင်းတပ်မှ တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။

မင်းတပ်တိုက်နယ် (၁) ရှိ ပန်းပါကျေးရွာကို စစ်ကောင်စီတပ်က ဧပြီလ ၁၁ ရက်နှင့် ၁၆ ရက် နေ့များတွင် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၄ ကြိမ်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ပန်းပါကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်(၇၀)နှစ်အရွယ်နှင့် အသက်(၁၇)နှစ် အရွယ် အမျိုးသမီးနှစ်ဦးနှင့် အသက် ၄ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးပြီး ပြည်သူကိုးဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်။

အဆိုပါ ထိခိုက်ဒဏ်ရာရသူများသည် စစ်ဘေးရှောင်မိသားစုဝင်များဖြစ်ကြပြီး ပန်းပါကျေးရွာရှိ လူနေအိမ် ကိုးလုံး ထိခိုက်ပျက်စီးခဲ့ကာ ရစ်ငှက်နှစ်ကောင်လည်း သေဆုံးသွားကြောင်း CDF မင်းတပ်က ဆိုသည်။

“လေယာဉ်နဲ့ဗုံးလာကြဲလို့ ရစ်ငှက်နှစ်ကောင်သေတာ ရယ်စရာလိုလိုဖြစ်ပေမယ့် ချိုးချင်း(မင်းတပ်)ရဲ့ ဓလေ့မှာ အဲလိုတိရစ္ဆာန်တွေသေပေးရင် လူအသက်အစားထိုးပေးတာဆိုတဲ့အယူရှိပါတယ်” ဟု မင်းတပ် ဒေသခံ ကိုဇလပ်သွေးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ရမ်းသန်ပစ်ခတ်မှုများကြောင့် စာသင်ကျောင်းနှစ်လုံး၊ ဘာသာရေးအဆောက်အဦး နှစ်လုံး၊ လူနေအိမ် ၁၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း လည်း ဆိုသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဗုံးခိုကျင်းများတူထားကြရန်လည်း CDF မင်းတပ်တာဝန်ရှိသူကထပ်မံ သတိပေးပြောဆိုထားသည်။

ဧပြီလအတွင်း မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် Chin Defence Force – Mindat တို့အကြား ထိတွေ့တိုက်ပွဲ ငါးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၂၆ ဦးထက်မနည်းသေဆုံးကာ လက်နက် အချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#မင်းတပ်မြို့နယ်

#လေကြောင်းတိုက်ခိုက်

#ဗုံးခိုကျွင်း

#ဒေသခံ

#သေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly