ကရင်နီပြည်နယ်တွင် ဧပြီလအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ကျော်သေဆုံး

By ဂျူချန်း (မဇ္ဈိမ)
02 May 2023
ကရင်နီပြည်နယ်တွင် ဧပြီလအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ကျော်သေဆုံး

ကရင်နီပြည်နယ်တွင် ဖေဖော်ဝါရီလနောက်ဆုံးပတ်မှစတင်ကာ စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်လျက်ရှိရာ ဧပြီလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် သား ၁၁၂ ဦး သေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) ၏ ထုတ်ပြန်ချက်များ အရ သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ၂၀၂၃ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ ကရင်နီပြည်နယ်တွင် တိုက်ပွဲ ပေါင်း ၆၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁,၉၉၅ ဦး သေဆုံးခဲ့ကြောင်း PKPF က မေလ ၁ ရက် နေ့တွင် ထုတ်ပြန်ထားသည်။

PDKDF ၏ ထုတ်ပြန်ချက်များအရ ဧပြီလတစ်လအတွင်း၌ စစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှု ၅၃ ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သား ငါးဦး၊ ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံးခဲ့ရပြီး နေအိမ် ၂၄ လုံးနှင့် ဘာသာရေးအဆောက်အဦးတစ်လုံးပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မတ်လမှစကာလက်ရှိအချိန်အထိ ကရင်နီပြည်နယ်ကို အင်အားသုံး စစ်ကြောင်း ထိုးလျက်ရှိပြီး တိုက်ပွဲဖြစ်သည့်အခါတိုင်းတွင်လည်း လေကြောင်းသုံးတိုက်ခိုက်လေ့ရှိကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကပြောသည်။

“မတ်လကနေစပြီးတော့ သူတို့ စစ်ဆင်ရေးကြီးကြီးမားမား လုပ်နေတယ်။ စစ်မျက်နှာတွေ အများကြီးဖွင့် ပြီးတော့ စစ်ကြောင်းတွေထိုးလာတယ်။ အဲဒီထိတွေ့တိုက်ပွဲတွေထဲမှာ ကျနော်တို့ဘက်ကတော့ ရလာဒ် ကောင်းတွေရထားတယ်ပေါ့။ အဲ့ဒီအချိန်ကစပြီးတော့ ထိတွေ့တိုက်ပွဲတွေတိုင်းမှာ စစ်ကောင်စီက လေ ကြောင်းအသုံးပြုမှုရှိတယ်။ အမြဲတမ်းလိုလို လေယာဉ်နဲ့ လာပစ်တယ်။ တခါတလေ လေယာဉ် သုံး၊ လေး စီးနဲ့တောင်လာပစ်တယ်။ ပြီးရင် ရဟတ်ယာဉ်နဲ့ပတ်ပစ်တယ်။ စစ်ရှောင်တွေရှိတဲ့ ဘာမှမဆိုင်တဲ့ တိုက်ပွဲ နဲ့မဆိုင်တဲ့နေရာတွေမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်တယ်။ အဲဒီလိုလုပ်တဲ့အခါ အရပ်သား တွေထိခိုက်မှုရှိတာပေါ့”ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးမှတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြော သည်။

စစ်ကောင်စီတပ်သည် ၂၀၂၂ ခုနှစ်တွင် လက်နက်ခဲယမ်း၊ လူအင်အားနှင့် ရိက္ခာများအား ကုန်းလမ်းမှ ပို့ဆောင်သည့်အခါတွင် ကာကွယ်ရေးတပ်ဖွဲ့များများမှ ကြားဖြတ်တိုက်ခိုက်ရာ ဆုံးရှုံးမှုများရှိလာသဖြင့် နောက်ပိုင်းတွင် လေယာဉ်ဖြင့်သာ ပို့ဆောင်နေရသောကြောင့် ၂၀၂၃ ခုနှစ်တွင် အဆိုပါ လမ်းကြောင်းများ အား ပြန်လည်ထိန်းချုပ်နိုင်ရန်နှင့် နယ်မြေစိုးမိုးမှုရရှိရန်အတွက် ယခုကဲ့သို့ အင်အားသုံးကာ တိုက်ခိုက်နေ ခြင်းဖြစ်နိုင်ကြောင်း ဆိုသည်။

“စစ်ကောင်စီက ၂၀၂၂ ခုနှစ်လောက်ကစပြီးတော့ လွိုင်ကော်၊ ဒီးမော့ဆို၊ ဘော်လခဲကနေ ဒီဘက်ကို ကုန်း လမ်းကနေ ရိက္ခာတောက်လျှောက်ပို့တယ်။ ပို့တဲ့အခါ ကျနော်တို့က ကြားဖြတ်တိုက်ခိုက်တယ်။ ဒီတိုက် ခိုက်မှုမှာ သူတို့ရဲ့ ဆုံးရှုံးမှုတွေအရမ်းများတယ်။ ဒီလိုအခြေအနေကြောင့် လမ်းမကြီးကို မသုံးရဲတော့ဘဲ ၂၀၂၂ ကုန်ပိုင်းကစပြီး ရဟတ်ယာဉ်နဲ့ ရိက္ခာတွေပို့တယ်။ ခဲယမ်းတွေ၊ အင်အားတွေဖြည့်တယ်။ ဒီ ၂၀၂၃ မှာ ကုန်းလမ်းကနေရိက္ခာပို့ချင်တဲ့အတွက် ထောက်ပို့အတွက်အရေးပါတဲ့ နယ်မြေတွေတွေကို သူတို့ တောက်လျှောက်ထိုးပြီးတော့မှ ရိက္ခာပို့တဲ့လမ်းကြောင်းလုပ်ဖို့ကြိုးစားနေတယ်လို့ ပြောလို့ရတယ်။ တဆက်တည်း နယ်မြေထိန်းချုပ်မှုပါ ယူနိုင်အောင် သူတို့ကြိုးစားနေတဲ့ ပုံဖြစ်တယ်” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ထားသည်။

ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်နယ်စပ်များတွင် ဖေဖော်ဝါရီလနှင့် မတ်လ နှစ်လတာအတွင်း ၈၂ ကြိမ် ထက်မနည်းတိုက်ပွဲဖြစ်ပွားခဲ့ရာ အဆိုပါတိုက်ပွဲအကြိမ်အရေအတွက်သည် စစ်အုပ်ချုပ်ရေး မကြေညာမီ ကာလထက် သုံးဆမြင့်တက်လာပြီး ထိုတိုက်ပွဲများကြောင့် ကရင်နီပြည်နယ်နှင့် ရှမ်း-ကရင်နီ နယ်စပ် များတွင် စစ်ဘေးရှောင် ၃၀၀,၀၀၀ နီးပါးအထိရှိကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ကရင်နီပြည်နယ်

#တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)

#တိုက်ပွဲပြင်းထန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly