တရုတ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့လာမည်

By မိုးသောက် (မဇ္ဈိမ)
02 May 2023
တရုတ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့လာမည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံခြားဝန်ကြီးဖြစ်သူ Qin Gang သည် ယနေ့ မေလ ၂ ရက်နေ့တွင် နေပြည်တော်သို့ရောက်ရှိမည်ဖြစ်ကြောင်း ဘေးဂျင်းအခြေစိုက် CGTN သတင်းဌာနတွင် ဖော်ပြသည်။

တရုတ်အစိုးရနှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ခုကမူ “လာဖို့ပြင်ဆင်နေတယ်လို့ပဲ သိရတယ်။ နေ့ရက်တွေ၊ အချိန်တွေတော့မသိရသေးဘူး " ဟု မဇ္ဈိမသို့ ပြောသည်။

စစ်ကောင်စီဘက်မှ ၎င်း၏ခရီးစဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း မေလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံမှထွက်ခွာကာ အိန္ဒိယနိုင်ငံသို့ သွားရောက်မည်ဟု တရုတ်သတင်းများတွင် ဖော်ပြသည်။

ထို့အပြင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Qin Gang ၏ အခုကဲ့သို့ မြန်မာနိုင်ငံကိုလာရောက်သည့် ခရီးစဉ်အတွက် လုံခြုံရေးနှင့် ခရီးစဉ်ကြိုဆိုရေး အစီအစဉ်များကို စစ်ကောင်စီဘက်က အထူးဂရုပြု စီစဉ်နေကြောင်း သတင်းရင်းမြစ်အချို့မှ ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံခရီးစဉ်မစမီ မေလ ၁ ရက်နေ့တွင် ကုလသမဂ္ဂ၏ အထူးသံတမန်ဖြစ်သူ မစ္စနိုလင်းဟေဇာနှင့်တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြသည်။

ထိုသို့ဆွေးနွေးခဲ့ရာတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့်အတွက် တခြားနိုင်ငံများထက် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးကို ပို၍စိတ်ဝင်စားကြောင်း နိုင်ငံခြားဝန်ကြီးဖြစ်သူ Qin Gang ကပြောဆိုခဲ့သည်။

မြန်မာနိုင်ငံမှ သက်ဆိုင်သူအားလုံးအတွက် ပေါင်းကူးတံတားလုပ်ပေးကာ ဖွဲ့စည်းအုပ်ချုပ်ပုံ မူဘောင်အောက်မှ နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် နိုင်ငံရေးအသွင်ကူးပြောင်းရေးအတွက် ကူညီပေးသင့်ကြောင်းလည်း ပြောကြားခဲ့သည်ဟု တရုတ်သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးလာရောက်ပါကလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် အာဏာရှင်ဟောင်း ဦးသန်းရွှေကိုပါ တွေ့ဆုံသွားမည်ဟု သတင်းများလည်းထွက်ပေါ်နေသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဧပြီလ တတိယအပတ်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေး (အာရှ) ဌာနညွှန်ကြားရေမှူးချုပ် Peng Xiubin က သမ္မတောင်းဟောင်း ဦးသိန်းစိန်နှင့် အာဏာရှင်ဟောင်းဦးသန်းရွှေတို့ကို တွေ့ဆုံထားသည်။

တရုတ်နိုင်ငံခြားဝန်ကြီးလာရောက်မည့် ခရီးစဉ်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ဆက်ဆံရေးတာဝန်ခံ ဦးဘိုဘိုဦးကို ဆက်သွယ်မေးမြန်းရာ တိတိကျကျ မှတ်ချက်ပေးခြင်းမျိုး မရှိသေးပေ။

“ တရုတ်က ဒီတစ်ခေါက်မှာ ကျနော်ထင်တယ်လေ။ သူ့ဘာသာသူ သူ့သဘောမျိုးနဲ့ လာတဲ့ဟန်တော့ မတူဘူးလို့ယူဆပါတယ်” ဟု ၎င်းကပြောသည်။

ယခုခရီးစဉ်သည် ၂၀၂၂ ခုနှစ်တွင် ရာထူးစတင်ယူပြီးချိန်မှစကာ နိုင်ငံခြားရေးဝန်ကြီးအသစ် ဖြစ်လာသည့် Qin Gang အတွက် ပထမဦးဆုံးသော မြန်မာနိုင်ငံခရီးစဉ်ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလအတွင်း စစ်ကောင်စီထံသို့ တရုတ်ဘက်မှအရာရှိတစ်ဦးအပြင် ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဖြစ်သူ ဘန်ကီမွန်းလည်း မြန်မာနိုင်ငံသို့လာ‌ရောက်ပြီး စစ်ကောင်စီနှင့် တွေ့ဆုံခဲ့သည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#တရုတ်ပြည်သူ့သမ္မတနိုင်ငံ

#နိုင်ငံခြားရေးဝန်ကြီး

#မြန်မာနိုင်ငံခရီးစဉ်

#NLD

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly