လေကြောင်းတိုက်ခိုက်ခံနေရသော ကရင်နီအတွက် ဒရုန်းဝယ်ယူရန် မဲလက်မှတ်များ ကံစမ်းနိုင်

By ဂန္ဒမာ (မဇ္ဈိမ)
02 May 2023
လေကြောင်းတိုက်ခိုက်ခံနေရသော ကရင်နီအတွက် ဒရုန်းဝယ်ယူရန် မဲလက်မှတ်များ ကံစမ်းနိုင်

စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲခြင်းဒဏ်ကို ခံစားနေရသော ကရင်နီဒေသအတွက် ဒရုန်းတစ်စင်း လှူဒါန်းနိုင်ရန် Vitamins for-Spring Revolution ရန်ပုံငွေရှာဖွေရေးအဖွဲ့အစည်းမှ ပရောဂျက် G2D ပြုလုပ်နေပြီး ပြည်သူများအနေဖြင့် မဲလက်မှတ်များဝယ်ယူကာ ပါဝင်ကံစမ်းနိုင်ကြောင်း သိရသည်။

နေ့စဉ် လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး အန္တရာယ်ကို ရင်ဆိုင်နေရသော ကရင်နီဒေသတွင် အခြားသော ထောက်ပို့အဖွဲ့များက ဆေးဝါး၊ ရိက္ခာနှင့် ကျည်ဆန် ထောက်ပံ့မှုများ ရှိနေသော်လည်း ဒရုန်းလိုအပ်ချက် ရှိနေသေးသည့်အတွက် ပရောဂျက် G2D ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း Vitamins for-Spring Revolution မှ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကို ပြောသည်။

“ဒီရက်ထဲ ကရင်နီကို ဗုံးတွေတစ်အားကြဲနေတယ်။အဲ့မှာ ဆေးဝါး၊ ရိက္ခာ ၊ကျည်ဖိုးတွေက အဖွဲ့တိုင်းနီးပါးကလည်း ကန့်ဘလူနဲ့ ကရင်နီကိုမျှကူနေကြတယ်ဆိုတော့ ကျွန်တော်တို့ အနေနဲ့ မကူရသေးတာ ဘာကျန်သေးလဲဆိုပြီး တိုင်ပင်ကြည့်တယ်ဗျ။ အဲ့မှာ ဒရုန်း မကူရသေးဘူးဆိုတာ သတိရသွားတယ်ဗျာ။ ပရောဂျက်ကို လုပ်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ ရှင်းတယ်ဗျ။ လေယာဉ်တွေနဲ့ကြဲတယ် လက်နက်ကြီး‌တွေထုတယ်။ ကိုယ့်ဘက်က ရန်သူလို မဟုတ်ဘူး‌လေ။ ကိုယ့်ဘက်ကလေကြောင်းမှာ မယ်မယ်ရရရှိတာ လောလောဆယ်ထိက တော့ ဒရုန်းပဲရှိတာကိုးဗျ။” ဟု Vitamins for-Spring Revolution မှ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမ ကို ပြောသည်။

Gold to Drone(G2D) ဟု အမည်ပေးထားသော အဆိုပါ ကံစမ်းမဲပွဲတွင် ဆရာမ ဒေါ်ခင်နှင်းကြည်သာ လှူထားသော ဒေါ်အောင်ဆန်းစုကြည်ပုံ ရွှေဆွဲသီးနှင့် တရုတ်ရိုးရာ ပီခြူးအဆောင် ရွှေလက်ကောက်ကို ဆုမဲအဖြစ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထောက်ပံ့ကူညီမည့် ဒရုန်းတစ်စင်း၏ ကာလပေါက်စျေးမှာ မြန်မာငွေ ကျပ်သိန်း ၃၀၀ ဝန်းကျင်ရှိပြီး မဲလက်မှတ်တစ်စောင်လျှင် မြန်မာငွေ ၅,၀၀၀ ကျပ် သတ်မှတ်ထားကာ မဲအစောင်ရေ ၁,၀၀၀ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

G2D ပရောဂျက်မှ ရရှိငွေများကို ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီဒေသမှ ရဲဘော်များဆီကို လှူဒါန်းသွားမှာဖြစ်ပြီး အဓိကအားဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) ထံသို့ ဒရုန်းတစ်စင်း ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း ဆိုသည်။

“ဒရုန်းနဲ့ မီနီလေကြောင်းပုံစံသွားလို့ရမယ်၊ ကင်းထောက်လို့ရမယ်၊ အရေးပေါ် ဆေးသယ်လို့ရမယ်၊ အဓိကကတော့ ဒရုန်းနဲ့ဆို ကိုယ့်လူအထိခိုက် နည်းမယ်ပေါ့ဗျာ၊ တကယ်လည်း လိုနေတာဖြစ်လို့ အကောင်ထည်ဖော်ဖြစ်သွားတာပါဗျ၊ ဒရုန်းအမျိုးစားကိုတော့ ဗုံးသယ်နိုင်လောက်တဲ့ဟာကို ရွေးထားတယ်ဗျ၊ အကုန်ကျများပေမယ့် ထိရောက်မှာက အသေချာပဲဆိုတော့ ကူနိုင်သလောက် ကူရမှာပဲလေ။” ဟု Vitamins for-Spring Revolution မှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

Vitamins for-Spring Revolution ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ပရောဂျက်ပေါင်းများစွာ ပြုလုပ်ခဲ့ကာ ယင်းအနက် “ရေသေနတ်မှ ကျည်သေနတ်သို့” ဆိုသည့် ပရောဂျက်မှ ရရှိလာသော ငွေများကို Special 7 Attacks Forces (MSAF) အဖွဲ့အတွက် အိန္ဒိယကာဘိုင် တစ်လက်ကူနိုင်ခဲ့ကာ ကန့်ဘလူ ပဇီကြီးရွာမှ စစ်ဘေးရှောင် ပြည်သူများအတွက် ငွေကျပ် သိန်း ၄၀ ထောက်ပံ့ကူနိုင်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#VitaminsforSpringRevolution

#ပရောဂျက်G2D

#Mizzimatv

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly