YBS ယာဉ်လိုင်းအချို့ ချောဆွဲခံရ၍ ယနေ့နံနက်ပိုင်းရုံးချိန်တွင် ကားမှတ်တိုင်၌ ခရီးသည်များ စုပုံနေ

YBS ယာဉ်လိုင်းအချို့ ချောဆွဲခံရ၍ ယနေ့နံနက်ပိုင်းရုံးချိန်တွင် ကားမှတ်တိုင်၌ ခရီးသည်များ စုပုံနေ
ပုံ- ယနေ့နံနက်ပိုင်းကတွေ့ရှိရသော ကားစောင့်ဆိုင်းနေသည့် ခရီးသည်များ

ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော် ၁၁,၁၁၁ ပါးတို့ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနား အစမ်းလေ့ကျင့်ရန်အတွက် သံဃာ တော်များနှင့် လူပုဂ္ဂုလ်များကိုကြိုပို့လုပ်ရန် ရန်ကုန်တိုင်းအတွင်းရှိ YBS ယာဉ်လိုင်းများကို ချောဆွဲပြီး ရန်ကုန်တိုင်းစစ်ကောင်စီက ပို့ဆောင်ခိုင်းစေခဲ့ကြောင်း သိရသည်။

ထိုသို့ ပို့ဆောင်ခိုင်းစေခြင်းများကြောင့် ယနေ့ မေလ ၂ ရက်နေ့ နံနက်ပိုင်း ရုံးချိန်၊ အလုပ်ချိန်များတွင် ကားမှတ်တိုင်များ၌ ခရီးသည်များစုပုံနေသည်ကိုတွေ့ရကြောင်း မှတ်တိုင်တွင်ကားစောင့်နေသည့် ဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

ယင်းအပြင် အခမ်းအနားကျင်းပချိန်အတွင်း ပြည်လမ်း၊ အင်းစိန်လမ်းမဘက်ခြမ်းမှ လာသည့်ကားများ အနေဖြင့် ဟံသာဝတီအဝိုင်းမှ စတင်ပိတ်ထားသဖြင့် အိမ်စီးကားများနှင့် လိုင်းကားများသည် ဟံသာဝတီ အဝိုင်းတွင် ယာဘက်သို့ချိုးကွေ့၍ ဟံသာဝတီလမ်းမှ အထက်ကြည့်မြင်တိုင်လမ်းသို့ လည်းကောင်း၊ ကျွန်းတောလမ်းမှတဆင့်ဝင်ပြီး ဒဂုံစင်တာဘက်ခြမ်းသို့လည်းကောင်း သွားလာနေကြရကြောင်း သိရသည်။

“သူတို့ကတော့ လမ်းပိတ်မယ်ဆိုပြီးကြေညာထားတယ်ပြောပေမယ့် ကျွန်မတို့ကတော့ မသိဘူးလေ၊ အခု ကားတွေအားလုံးကြပ်ပိတ်ပြီး ရုံးတွေနောက်ကျကုန်တာပေါ့။ ကားသမားတွေကလည်း တော်တော်လေး စိတ်ပျက်နေကြတယ်။ တညလုံး ဂတ်စ်တန်းစီရတယ်၊ ပြီးတော့ မနက် ၄ နာရီ အရောက်သတ်မှတ်တဲ့ စုရပ်မှာလူသွားကြိုပြီး ပြည်သူ့ရင်ပြင်ကိုလာပို့ရတယ်၊ ချောကားဆိုတော့ ဘာမှလည်းမရဘူး၊ ပြီးရင် ပြန်လိုက်ပို့ရတာ၊ YBS ၂၁ ဆိုရင် ဒီနေ့မထွက်သလောက်ကို ရှားသွားတယ်၊ သူတို့လိုင်းက တွံတေးက ဘုန်းကြီးတွေကို ကြိုပို့လုပ်ပေးရတယ်လို့ ကားဆရာတွေက ပြောကြတယ်’’ဟု မှတ်တိုင်တွင် ကားစောင့် နေသည့် ဝန်ထမ်းတစ်ဦးက ဆိုသည်။

ကဆုန်လပြည့်နေ့ဖြစ်သော မေလ ၃ ရက်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော် ၁၁,၁၁၁ ပါးဖြင့် ဗုဒ္ဓဘိသေကအနေကဇာတင်မင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား ကို ကျင်းပပြုလုပ်ရန်အတွက် ရန်ကုန်တိုင်း စစ်ကောင်စီက စီစဉ်နေခြင်းဖြစ်သည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။စောဖေ

#ရန်ကုန်တိုင်းစစ်ကောင်စီ

#ဗုဒ္ဓဘိသေက အနေကဇာတင်

#ကားမှတ်တိုင်ခရီးသည်စုပြုံနေ

#Mizzimatv

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly