KNU တပ်မဟာ(၅)သို့ ၂ နှစ်အတွင်း စစ်ကောင်စီတပ်သား ၁၅၀ နီးပါး လက်နက်ချအလင်းဝင်လာ

By YT (မဇ္ဈိမ)
02 May 2023
KNU တပ်မဟာ(၅)သို့ ၂ နှစ်အတွင်း စစ်ကောင်စီတပ်သား ၁၅၀ နီးပါး လက်နက်ချအလင်းဝင်လာ

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် တပ်မဟာ (၅) KNLA ထံသို့ နှစ်နှစ်အတွင်း စစ်ကောင်စီတပ်သား ၁၃၈ ဦးခန့် လက်နက်ချအလင်းဝင်ခဲ့ကြောင်း သိရသည်။

“၁၃၈ ဦးထဲမှာ ခလရ(၉၇) က ၂၈ ဦးနဲ့ အများဆုံးဖြစ်ပါတယ်” ဟု KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က မဇ္ဈိမသို့ပြောသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ၂၀၂၃ ခုနှစ် ဧပြီလအထိ အများဆုံး အလင်းဝင်ခဲ့သည့် ခလရ(၉၇) သည် ကော့ကရိတ်အခြေစိုက် ခြေလျင်တပ်ရင်းဖြစ်သည်။

အဆိုပါစစ်ကောင်စီတပ်သားများသည် လတိုင်းနီးပါး တစ်ဦး၊ နှစ်ဦး အစရှိသဖြင့် လက်နက်ချ အလင်းဝင် လာခဲ့ခြင်းဟု ဒုဗိုလ်မှူးကြီး စောကလယ်ဒို့ကဆိုသည်။

“တပြိုင်နက်တည်း လေး၊ ငါး၊ ဆယ်ယောက် ဝင်လာတာမရှိဘူး" ဟု ၎င်းက ထပ်မံအတည်ပြုပြောပြ သည်။

တပ်မဟာ (၅) KNLA ထံ အလင်းဝင်လာသော စစ်ကောင်စီတပ်သားများသည် ခလရ(၉၇)၊ ခလရ(၂၆၄) ၊ ခလရ(၂၈၂)၊ ခမရ(၂၀)၊ ခမရ(၃၃၇)၊ ခမရ(၃၄၀)၊ ခမရ(၃၄၁)၊ ခမရ (၃၄၉)၊ ခမရ(၄၀၁)၊ ခမရ(၄၀၂)၊ ခမရ(၄၀၃)၊ ခမရ(၄၀၄)၊ ခမရ(၄၀၇)နှင့် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF- (၁၀၁၁)၊ BGF(၁၀၁၉)၊ BGF(၁၀၂၂) တို့မှ ဖြစ်သည်။

၎င်းစစ်ကောင်စီတပ်သားများတွင် တပ်ကြပ်ကြီးကဲ့သို့သော ရာထူးအကြီးပိုင်းများလည်း ပါဝင်ပြီး အသက် မပြည့် သေးသည့် (၁၆)နှစ်အရွယ်ရှိ ကလေးစစ်သားလည်း ပါဝင်ကြောင်းသိရသည်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN) မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထုတ် ပြန်ခဲ့သည့်စစ်ကောင်စီတပ်သားစာရင်းတွင် ခမရ(၄၀၃)မှ အသက်(၁၆)နှစ်အရွယ် ကလေးစစ်သား တစ်ဦးပါဝင်ကြောင်းဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့ကလည်း လယ်တိုးစခန်းတွင် တာဝန်ကျနေသည့် ခမရ(၃၄၁)မှ စစ်ကောင်စီ တပ်သားလေးဦး တပ်မဟာ(၅) KNLA ထံသို့ လက်နက်အပြည့်အစုံဖြင့် လက်နက်ချအလင်းဝင်လာခဲ့ သည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#အလင်းဝင်

#လက်နက်ချ

#KNU

#KNLA

#တပ်မဟာ_၅

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly