ဂန့်ဂေါ - ဟားခါးလမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

By ပါခွီး (မဇ္ဈိမ)
02 May 2023
ဂန့်ဂေါ - ဟားခါးလမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ဟားခါးမြို့နယ် CNA တပ်မဟာ(၅)နယ်မြေအတွင်း Malsawm နှင့် Hrawngvung ကျေးရွာအကြားတွင် မေလ ၁ ရက်နေ့ နံနက် ၁၀ နာရီခန့်ကဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများ သေဆုံးခဲ့ပြီး လက်နက်များသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“တိုက်ပွဲက ၄၅ မိနစ်လောက်ကြာတယ်။ CNA နဲ့ CDF ပေါင်းပြီးဝိုင်းတိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ် သားတွေကိုယ်လွတ်ရုန်းထွက်ပြေးသွားကြတယ်” ဟု CNA မှ ဦးဆောင်သူအရာရှိတစ်ဦးကပြောသည်။

ဂန့်ဂေါမြို့နယ်မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ စစ်ကောင်စီတပ်မ(၇၇)က အင်အား ၁၀၀ကျော်ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့်အတွက် ချင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများကိုင်ဆောင်သော MA အမျိုးအစားသေနတ် ကိုးလက်၊ ၆၀ မမ မော်တာတစ်လက်၊ RPG လောင်ချာ တစ်လက်၊ လက်ပစ်ဗုံး ၁၁ လုံး၊ မိုးဘိုင်းဖုန်းများနှင့် အခြား စစ်အသုံးအဆောင်များ၊ ခဲယမ်းများ သိမ်းဆည်းရမိကြောင်းသိရသည်။

ယင်းတိုက်ပွဲကို CNA နှင့် CDF–Hakha တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ အထိ အခိုက်မရှိကြောင်း ဆိုသည်။

စစ်ကောင်စီတပ်များ ဟားခါးမြို့ဖက်သို့တက်လာပါက တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း သိရသည်။

ဧပြီလ ၃၀ ရက်နေ့ကလည်း ဟားခါးမြို့နယ်၊ ချွန်းကျုံးကျေးရွာတွင် ရောက်ရှိနေသော ကလေးမြို့မှတက် လာသည့် စစ်ကောင်စီတပ်သားများနှင့် ချင်းပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက် အကျ အဆုံးများရှိကာ RPG တစ်လက်နှင့် MA သေနတ်နှစ်လက်အပါအဝင်ခဲယမ်းများကို ချင်းအမျိုးသား တပ်မတော်မှသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်

#စစ်ကြောင်း

#ချင်းအမျိုးသားတပ်မတော်(CNA)

#CDF–Hakha

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly