ကျိုက်ထိုတွင် စစ်ရေးအရှိန်မြှင့်မည်ဖြစ်၍ စစ်ကောင်စီဒေါက်တိုင်များနှင့် ဝေးဝေးနေကြရန် KRF သတိပေး

By ဂျူချန်း (မဇ္ဈိမ)
02 May 2023
ကျိုက်ထိုတွင် စစ်ရေးအရှိန်မြှင့်မည်ဖြစ်၍ စစ်ကောင်စီဒေါက်တိုင်များနှင့် ဝေးဝေးနေကြရန် KRF သတိပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းများ၊ စစ်ကောင်စီတပ်စွဲထားသည့် နေရာများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းနှင့် သတင်းပေးများနှင့် ဝေးဝေးနေကြရန် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) မှ ယမန်နေ့ မေလ ၁ ရက်နေ့တွင် အသိပေးချက် ထုတ်ပြန်ထားသည်။

မေလ ၁ ရက်နေ့မှ စတင်ကာ စစ်ရေးအရှိန် တိုးမြှင့်ဆောင်ရွက်မည်ဖြစ်သောကြောင့် ကျိုက်ထိုမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု ၄၃ ခုတွင် ခရီးသွားများအပါအဝင် ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များ နားခိုရန် ခွင့်ပြုပေးထားသည့် တည်းခိုခန်းများ၊ ဟိုတယ်နှင့် စားသောက်ဆိုင်များအနီးတွင် မနေကြရန် နှင့် ဖြစ်ပေါ်လာသည့်အကျိုးဆက်အား KRF အနေဖြင့် တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုကဲ့သို့ ထုတ်ပြန်ရခြင်းမှာ KRF အနေဖြင့် စစ်ရေးအရှိန်မြှင့်လုပ်ဆောင်ရာတွင် ပြည်သူများအား ထိတ်လန့်စေချင်သည့်စိတ်မရှိဘဲ ပြည်သူများအနေဖြင့် ထိခိုက်မှုတစ်စုံတစ်ရာ မရှိစေလိုသောကြောင့် ကြိုတင် အသိပေးရခြင်းဖြစ်ကြောင်း KRF အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံမှ ပြောသည်။

“ပြည်သူတွေအနေနဲ့ လိုက်နာဖို့ အထူးလိုအပ်နေတာကြောင့်ပါ။ အခုထုတ်ပြန်ချက်က ပြည်သူတွေကို ထိတ်လန့်စေချင်တာမျိုးမဟုတ်ဘဲ သွားသတိ လာသတိနဲ့ စကစ နဲ့ပတ်သက်တဲ့ အရာတွေနဲ့ အဝေးမှာနေဖို့ကို အဓိက ပြောချင်တာပါ။ ဘယ်ပြည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေချင်တာမျိုး မဖြစ်စေချင်လို့။ အဝေးကနေ အနယ်နယ်အရပ်ရပ်က လာရောက်လည်ပတ်နေတဲ့ ပြည်သူတွေအနေနဲ့ သိရှိဖို့လည်း လိုအပ်ပါတယ်” ဟု KRF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံမှ မဇ္ဈိမ ကိုပြောသည်။

မွန်ပြည်နယ်ရှိ ကျိုက်ထို၊ ဘီလင်းနှင့် သထုံမြို့နယ်များတွင် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီလက်အောက်ခံများကြား မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလေ့ရှိရာ ယခု မေလ ၁ ရက်နေ့မှစတင်ကာ ကျိုက်ထိုမြို့နယ်တွင် KRF အဖွဲ့မှ စစ်ရေးအရှိန် တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်ရှိ ကင်းမွန်းချောင်းနယ်မြေရဲစခန်းအား KRF အဖွဲ့နှင့်အတူ တော်လှန်ရေးပူးပေါင်းတပ်များမှ ဒရုန်းဖြင့် ဗုံးသီး ၁၀လုံးချကာ တိုက်ခိုက်ခဲ့သဖြင့် ရဲစခန်း မီးလောင်ပျက်စီးသွားခဲ့ရကြောင်းတော်လှန်ရေးတပ်ဖွဲ့များမှ သိရသည်။

ဧပြီလ ၂၅ ရက်နေ့ ညနေပိုင်းတွင်လည်း ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံ Feel စားသောက်ဆိုင်အနီးရှိ စစ်ကောင်စီတပ်၏ မုပ္ပလင်လမ်းဆုံဂိတ်အား KRF နှင့် KNLA ပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၅ ရက်နေ့တွင်လည်း ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ထက်ဆီဆိုင်၌ တပ်မ(၄၄) လက်အောက်ခံ ခမရ(၂) မှ တပ်ကြပ်ကြီး ကျော်ဆန်း ဆိုသူအား KRF နှင့် KNLA ပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်ခဲ့ရာ နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ကျိုက်ထိုမြို့နယ်

#KRF

#KNLA

#စစ်ရေး

#စစ်ကောင်စီတပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly