စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ်ကိုဗုံးထပ်ကြဲပြီး စာသင်ကျောင်းအပါအ၀င် နေအိမ် ၁၀၀ ကျော်ကို မီးရှို့

By 007 (မဇ္စျိမ)
02 May 2023
စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ်ကိုဗုံးထပ်ကြဲပြီး စာသင်ကျောင်းအပါအ၀င် နေအိမ် ၁၀၀ ကျော်ကို မီးရှို့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အရှေ့ခြမ်းနှင့် တောင်ဘက်ခြမ်းသို့ စစ်ကောင်စီတပ်က စစ် ကြောင်းထိုးဝင်ရောက်ကာ လေကြောင်းမှဗုံးထပ်ကြဲပြီး စာသင်ကျောင်းအပါအဝင် လူနေအိမ် ၁၀၀ ကျော် ကို မီးရှို့သွားကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုအဆုံးသတ်ရေးလမ်းကြောင်းကို ရှာဖွေရန်တိုက်တွန်းခဲ့သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံမှပြန်သွားခဲ့သည့် ဧပြီ ၂၄ ရက်နေ့ တွင် ထိုသို့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“၂၄ ရက်နေ့က ဇင်းရွာနဲ့ ပေကုန်းရွာနားကို တိုက်လေယာဉ်တွေနဲ့ ဗုံးလာကြဲသွားသေးတယ်။ အဲဒီမတိုင် ခင် ၂၀ ရက်နေ့က ပဇီကြီးကိုတစ်ခါကြဲခဲ့သေးတယ်။ ၂၄ ရက်နေ့နောက်ပိုင်း စစ်ကြောင်းနှစ်ကြောင်းခွဲပြီး အရှေ့ခြမ်း၊ တောင်ခြမ်း အကုန်၀င်မွှေတာ။ သရက်ခေါင်းရွာ၀င်မွှေတဲ့စစ်ကြောင်းက ရွာစာသင်ကျောင်း ကိုပါ မီးရှို့ဖျက်ဆီးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ခမရ(၃၆၁)နှင့် တပ်မ(၈၈)တို့ပူးပေါင်းထားသော အင်အား ၂၀၀ ကျော်ပါ၀င်သည့် စစ်ကောင်စီ စစ်ကြောင်းသည် ကန့်ဘလူမြို့နယ်အရှေ့ခြမ်းနှင့် တောင်ဘက်ခြမ်းသို့ စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုး ၀င်ရောက်နေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ထို့သို့စစ်ကြောင်းထိုး၀င်ရောက်စဉ်အတွင်း အရှေ့ခြမ်းသို့၀င်ရောက်သည့်စစ်ကြောင်းသည် ဧပြီလ ၂၅ ရက်နေ့တွင် ချောင်းသာကျေးရွာမှနေအိမ် ၃၈ လုံး၊ ဧပြီလ ၂၆ ရက်နေ့တွင် မြေမွန်ကျေးရွာမှ နေအိမ် လေးလုံး၊ ဧပြီလ ၂၈ ရက်နေ့တွင် တရော်ကိုင်းကျေးရွာမှ နေအိမ် ၂၁ လုံး၊ ဧပြီလ ၂၉ ရက်နေ့တွင် ကန်ကြီး တောတဲတိုက်မှ နေအိမ်ခုနစ်လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

တောင်ဘက်ခြမ်း ထန်းကုန်းတိုက်နယ်ကျေးရွာများသို့ စစ်ကြောင်းထိုး၀င်ရောက်သော အင်အား ၁၀၀ ခန့် ရှိသည့် ခမရ(၃၆၈) နှင့် ပျူစောထီးပူးပေါင်းအဖွဲ့သည် ဧပြီလ ၂၉ ရက်နေ့တွင် သရက်ခေါင်းကျေးရွာ စာသင်ကျောင်းအားလည်းကောင်း၊ ဧပြီလ ၃၀ ရက်နေ့တွင် အစ္စလာမ်ဘာသာ၀င်များနေထိုင်သည့် ငါးရာနဲ (မြောက်)ကျေးရွာမှ နေအိမ် ၆၀ ၀န်းကျင် အား မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

အထက်ပါအခြေအနေများသည် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အရှေ့ခြမ်းနှင့် တောင်ဘက်ခြမ်းတို့တွင် ဧပြီလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း အခြေအနေများဖြစ်ကြောင်း မဇ္ဈိမသတင်းထောက်မှ သတင်း ပေးပို့သည်။

စစ်ကောင်စီသည် ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအား လေကြောင်းမှပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် ဧပြီလ ၂၀ ရက်နေ့မှစတင်ကာ ကန့်ဘလူမြောက်ခြမ်း၊ အရှေ့ခြမ်းနှင့် ထတောင်ဘက်ခြမ်းတို့ကို စစ်ကြောင်းထိုး၀င်ရောက်လျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့အထိ ဆေးခန်း၊ စာသင်ကျောင်း နှင့်လူနေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#ကန့်ဘလူ

#ဗုံးကြဲတိုက်ခိုက်

#ဘန်ကီမွန်း

#စစ်ကိုင်း

#မီးရှို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly