နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁ မေ ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁ မေ ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် လုပ်သား များ လူမှုဖူလုံရေး၊ တန်းတူရေး၊ ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေးစောင့်ရှောက်ခွင့်နှင့်လုပ်ငန်းခွင် လိင်ပိုင်း ဆိုင်ရာထိပါးနှောက်ယှက် ခံရမှုအတွက် တရားမျှတခွင့်တို့ကိုပါ ရရှိအောင် အလုပ်သမား ဝန်ကြီးဌာနနှင့် အတူဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ဂုဏ်ပြု လွှာတွင် ဖော်ပြထားသည်။ 

  • ယခုနွေဦးတော်လှန် ရေးတွင်လည်း တခဲနက် ရှေ့တန်းမှတိုက်ပွဲဝင် ပါဝင်နေကြသည့် ပြည်တွင်းပြည်ပရှိ အလုပ်သမားလူထုကြီး အား အလေးအနက် ဂုဏ်ယူဦးညွှတ်ကြောင်း CRPH uကမ္ဘာအလုပ်သမားနေ့ (မေဒေး) အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း တို့မှာရှိသည့် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲကို ဧပြီ ၃၀ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမိုးဇော်ဦးသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ၊ The Elders ၏ ဒုတိယဥက္ကဌဖြစ်သူ မစ္စတာဘန်ကီမွန်းကို တွေ့ဆုံခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းမြို့နယ်အတွင်းမှ ကျေးရွာများကို စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေ သည့် စစ်ကောင်စီ တပ် နောက်ကြောင်းပြန်လှည့်သွားစေရန်အတွက် ညောင်ပင်ဝန်းရဲစခန်းကို လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တိုက်နယ်စွန် PDF တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။ 

  • စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် အခွန်ပေးဆောင်ကြရန် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှ ဧပြီလ ၂၀ရက်နေ့က ထုတ်ပြန်ထားသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ဒေသခံများပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ချီတက်ပွဲကို မေလ ၁ ရက် ယနေ့တွင် ပြုလုပ်ခဲ့ ကြသည်။ 

  • စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ဆည်ကြီးရွာနှင့်ပေါက်သာရွာတို့ကို စစ်တပ်က မီးရှို့ ဖျက်ဆီးနေပြီး စစ်သားများ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လှည့်ပတ် မီးရှို့ လူသတ်နေသောကြောင့် ညောင်ပင်ဝန်းရဲစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တိုက်နယ်စွန် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်ရှိ ကညနရုံးနှင့် စိုက်ပျိုးရေးရုံးတို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း Monya Lighting PDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

  • စစ်ကိုင်းမြို့နယ်၊ ရွာမကျေးရွာသား ၇ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး တအိမ်တဲရွာကို မီးရှို့ဖျက်ဆီး နေကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း အတွင်းရှိ အကြမ်းဖက် စစ်တပ် မီးရှို့သွားသော ကျေးရွာများမှ ပြည်သူများကို S&C မီးဘေး စစ်ဘေးပညာရေး ကူညီ စောင့်ရှောက်ရေးအဖွဲ့က နေအိမ် အလုံး ၇၀၀ ဆောက်လုပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁ ရက်နေ့တွင် "လုပ်သားထုရဲ့ သွေးစည်းသံ၊ တချီတည်း ရုန်းပြီး အောင်ပွဲခံ" စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • မန္တလေးတိုင်း၊ အမရပူရမြို့နယ် မြို့မရဲစခန်းကို ယနေ့ နံနက်ပိုင်း ဗုံးဖြင့် ပစ် ခတ် တိုက်ခိုက်မှု ဖြစ်ပွား ကြောင်း ဒေသခံပြည်သူများက ပြောသည်။ 

  • ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုမြို့နယ်တွင် မြို့မရဲစခန်းတိုက်ခိုက်ခံရပြီးနောက် အရပ်သား ၁၀ ဦးအား စစ်ကောင်စီတပ်မှဖမ်းဆီးသွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူများမှမဇ္ဈိမကိုပြောသည်။ 

  • မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ယာဉ်သုံးစီပါ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ နှစ်ဦးထက်မနည်းသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရနိုင်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာမှ စစ်ဘေးရှောင် အိမ်ထောင်စု ၂၅၀ ကျော်ကို ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)မှ ငွေကျပ် ၄,၄၀၀,၀၀၀ (လေးဆယ့်လေးသိန်း)တန်ဖိုးရှိ စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ကူညီပေး ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ 

  • ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင် ယခုမေလအတွင်း ကျင်းပဖို့ရှိနေသည့် G7 လို့ခေါ် စက်မှုထိပ်သီးနိုင်ငံက ခေါင်းဆောင်များ ညီလာခံကနေ မြန်မာစစ်တပ်အပေါ် ပြင်းထန်သည့် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက တိုက်တွန်းလိုက်သည်။ 

  • အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်တွင် ဧပြီလ ၂၉ ရက်နေ့က ကျင်းပပြုလုပ်သော တော်လှန် သင်္ကြန်အငြိမ့်မှရရှိသော ရန်ပုံငွေများကို PDF များကို ထောက်ပံ့မည်ဟုပွဲစီစဉ်သူများထံမှ သိရ သည်။ 

  • ထိုင်ဝမ်နိုင်ငံ၊ ထိုင်ပေမြို့တွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားသည့် ရောင်နီလာရာလမ်း ရုပ်ရှင်ကို ဧပြီလ ၃၀ ရက်နေ့ တွင် Taiwan Alliance for Myanmar အဖွဲ့မှ ဦးဆောင် ပြသခဲ့ကြောင်း သိရသည်။ 

  • ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လန်းကဖယ် စွယ် ၃၀ (ABC World) ကုန်တိုက်တွင် တော်လှန်ရေးအင်အား စုများ စုပေါင်းဖွဲ့စည်းထားသော သွေးချင်းမဟာ မိတ်အဖွဲ့က စစ်ဘေးသင့် မီးဘေးသင့် ​ပြည်သူများအတွက် မြို့ပြပြောက်ကျား UG တော်လှန်ရေးရုပ်ရှင်ကားကို ပြသ ရန်ပုံငွေရှာဖွေကြောင်း သိရှိရသည်။ 

  • မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(BWFM)မှ ၁၃၃ ကြိမ်မြောက် အလုပ်သမားနေ့ ( မေဒေး) အခမ်းအနားတွင် "လုပ်သားထုရဲ့ သွေးစည်းသံ တစ်ချီတည်းရုန်းပြီး အောင်ပွဲခံ" "United Voice for Workers, Fighting for Federal Future" စာသားနှင့် ဆန္ဒပြခဲ့ကြသည်။ 

  • မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FGWM ဦးဆောင်၍ ပုဂ္ဂလိကသမဂ္ဂ အသီးသီးမှ အွန်လိုင်းကမ်ပိန်း ပြုလုပ်၍ ၁၃၃ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေးဒေး)နေ့တွင် "ဖူလုံသောလုပ် ခလစာ၊ ကောင်းမွန်သော လုပ်ငန်းခွင်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့"ဆိုသည့် ဆောင်ပုဒ်ကို ဆွဲကိုင်၍ ဆန္ဒပြခဲ့ကြသည်။ 

  • ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့နယ်၊ မြတ်သာရွာမ ရဲစခန်း ကို တော်လှန်ရေး အင်အားစုများက ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဧရာဝတီလင်းပိုင်မော်ကျွန်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ 

  • မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရော်ဘာခြံများတွင် ကင်းပုန်းချထားသော စစ်ကောင်စီတပ်များကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဘီးလင်းမြို့နယ် ပကဖဒရုန်းတပ်ဖွဲ့ထံမှ သိရှိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဧပြီလကုန်အထိ ကရင်နီပြည် နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၃၆၃ ကြိမ် ပြုလုပ်ထားပြီး ယခုနှစ်လေးလအတွင်း လေ ကြောင်းတိုက်ခိုက်မှု ၁၇၉ ကြိမ်ရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ယနေ့ မေလ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။ 

  • ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာတွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲပြင်းထန်ပြီး ချင်းအမျိုးသားတပ်မတော် (CNA) ဘက်က ရဲဘော်တစ်ဦး ကျဆုံးကာ နှစ်ဦး ဒဏ်ရာရရှိ သွားကြောင်း CNAပြောခွင့်ရသူ ဆလိုင်းထက်နီက မဇ္ဈိမကို ပြောသည်။ 

  • ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီ 

  • တရုတ် သမ္မတ ရှီကျင့်ဖျင်၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ(GSI) ကို မြန်မာအနေဖြင့် ဂုဏ်ပြုချီးကျူး ပါကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် လိုက်သည်။ 

  • တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Qin Gang သည် လာမည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ လာရောက်မည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်ရုံးက ရရှိသည်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်းတွင် ဖော်ပြထားသည်။ 

  • ထိုင်း၊ မလေးရှား နှင့် ကိုရီးယားသမ္မတ နိုင်ငံတို့တွင် အလုပ်သမားသံအရာရှိများ ခန့်အပ်ထားရှိသည့်အပြင် နိုင်ငံတကာရှိ မြန်မာသံရုံးများကလည်း လိုအပ်သည့်ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိ ကြောင်း အကြမ်းဖက်မင်းအောင်လှိုင်က ပေးပို့သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ သဝဏ်လွှာတွင် ဖော်ပြထားသည်။ 

  • ဆူဒန်နိုင်ငံ စစ်ဘေးအတွင်း ပိတ်မိနေသည့်မြန်မာနိုင်ငံသားအမျိုးသမီးအား ကူညီကယ်တင်ပြီး အလုပ်ရှိရာ ဒူဘိုင်းသို့ပြန်ရန်စီစဥ်ဆောင်ရွက်ပေးခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရသိရသည်၊၊ 

  • မြန်မာနိုင်ငံတွင်း လျှပ်စစ်သုံးမော်တော်ယာဉ် EVကားတွေ ပြည်ပကနေ တင်သွင်းလာရာမှာ ရန်ကုန်လိုင်စင် ချပေးတာကို ၁နှစ်မှာ အစီးရေ ၁သောင်းဝန်းကျင်သာ လိုင်စင်ချပေးနိုင်မှာဖြစ်ကြောင်း စစ်ကောင်စီ ကုန်း လမ်းပို့ဆောင်ရေးနဲ့ညွှန်ကြားမှုဦးစီးဌာန ကနေသိရသည်။ 

မေ ၁ ရက် သုံးသပ်ချက် 

  • နိုင်ငံအာဏာကို မတရားလုယူထားသည့် စစ်အုပ်စုကို ခုခံတော်လှန်စစ် ပိုမိုပြင်းထန်လာနေချိန် တရုတ် နိုင်ငံ က စစ်အုပ်စုနှင့် ခပ်စိတ်စိတ်တွေ့ဆုံလာသလို စစ်အုပ်စုကလည်း တရုတ်ကို ချီးမွမ်းခံဖွင့်ကာ မျက်နှာလုပ်လာသည်ကို တွေ့ရသည်။ 

  • အညာဒေသတွင် စစ်ကောင်စီက ကျေးရွာများကို မီးရှို့ဒေသခံများကို သတ်ဖြတ်မှုများပြုလုပ်နေ သော် လည်း နယ်မြေစိုးမိုးမှု မရှိတော့ဘဲ ဒေသခံ PDF များမှ မြို့ပေါ်များအထိပါ အချိန်မရွေး တိုက်ခိုက်လာနိုင် သည်ကို တွေ့လာရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly