အာဏာသိမ်း စစ်ခေါင်းဆောင် ထင်သလိုမဖြစ်လာတဲ့ ဘန်ကီမွန်း ခရီးစဉ် (ဆောင်းပါး) 

By ဓားရိုင်း
01 May 2023
အာဏာသိမ်း စစ်ခေါင်းဆောင် ထင်သလိုမဖြစ်လာတဲ့ ဘန်ကီမွန်း ခရီးစဉ် (ဆောင်းပါး) 
Photo - AFP

နေပြည်တော်ကို ရုတ်တရက်ရောက်လာပြီး မြန်မာ့အရေးဆွေးနွေးသွားတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း ခရီးစဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတချို့တစ်ဝက်သာထုတ်ပြန်ခဲ့တာ ထူးခြားနေပါ တယ်။ မစ္စတာ ဘန်ကီမွန်းနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တို့ဟာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးတိုးတက်မှုအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး အပြုသဘောဆောင်တဲ့ သဘောထားတွေနဲ့ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ သာမန်သတင်းဖော်ပြမှုကိုပဲ စစ်ကောင်စီသတင်းစာက ဖော်ပြခဲ့တာဖြစ်ပါတယ်။ ကုလအတွင်းရေးမှူးချုပ်ဟောင်း နဲ့ The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ မစ္စတာ ဘန်ကီမွန်းဟာ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ဖိတ်ကြားချက် နဲ့ မြန်မာနိုင်ငံကိုရောက်လာခဲ့တာဖြစ်ပါတယ်။ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ အစောပိုင်း နေ့ရက်တွေကတည်းက မစ္စတာ ဘန်ကီမွန်းဟာ The Elders အဖွဲ့ကိုယ်စားပြုအနေနဲ့ မြန်မာနိုင်ငံကို ဝင်ရောက်ခွင့်ရဖို့ ကြိုးစားခဲ့တာဖြစ် ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီငြင်းဆိုမှုကြောင့် ဝင်ခွင့်မရခဲ့ဘဲ အခုမှရုတ်တရက် အာဏာသိမ်း စစ်ခေါင်းဆောင် ဖိတ်ကြားချက်နဲ့ ရောက်လာခဲ့တာပါ။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အများအပြား အပါအဝင် လူပေါင်း ၁၇၀ နီးပါးသေဆုံးခဲ့ရတဲ့ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုကို နိုင်ငံတကာရဲ့ ရှုတ်ချပြစ်တင်သံတွေ အပြင်းအထန်ပေါ်ထွက်ခဲ့ပြီးမကြာခင် ဘန်ကီမွန်းရဲ့ခရီးစဥ်ပေါ်ပေါက်လာတာက စဉ်းစား စရာပဲလို့ ဆိုခဲ့ကြပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်အနေနဲ့ သူတို့ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်နိုင်ဖို့အတွက် နိုင်ငံတကာမှာ လူလေးစားတဲ့ ကမ္ဘာ့ခေါင်းဆောင်ဟောင်းတွေ၊ လူသိထင်ရှားသူတွေ၊ လူ့ အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဖွဲ့ထားတဲ့ The Elders အဖွဲ့ကို ခုတုံးလုပ်ပြီး အကွာအကွယ်ယူဖို့ စီစဉ်ခဲ့ တာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာပြည်ခရီးစဉ်ဟာ အာဏာသိမ်း စစ်ခေါင်း ဆောင် မျှော်လင့်ထားသလိုရလဒ်မျိုး ထွက်မလာခဲ့တာ တွေ့ရပါတယ်။ မစ္စတာ ဘန်ကီမွန်း ဦးဆောင်တဲ့အဖွဲ့ဟာ ဧပြီ ၂၃ ရက် ညနေပိုင်းမှာ နေပြည်တော်ကို ရုတ်တရက်ရောက်လာပြီးနောက် ဧပြီ ၂၄ ရက် မနက်ပိုင်းက အာဏာ သိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့အပြင် သမ္မတဟောင်း ဦးသိန်းစိန်နဲ့လည်း သီးခြားတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ မစ္စတာ ဘန်ကီမွန်းနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့တွေ့ဆုံမှုမှာ ဘာတွေဆွေးနွေးခဲ့ကြတယ်ဆိုတာ တော့ သတင်းထွက်မလာခဲ့ပါဘူး။ သေချာတာကတော့ မစ္စတာ ဘန်ကီမွန်းဟာ နိုင်ငံတကာမှာ နာမည်ဆိုးထွက် နေတဲ့ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်တွေကို သတိပေး သတင်းစကားပါဖို့ရောက်လာခဲ့တာဖြစ်နိုင်ပါ တယ်။ မြန်မာပြည်ကနေ မစ္စတာ ဘန်ကီမွန်း ပြန်လည်ထွက်ခွာသွားပြီး မကြာခင်မှာပဲ The Elders အဖွဲ့ထုတ်ပြန် ခဲ့တဲ့ကြေညာချက်ကိုကြည့်မယ်ဆိုရင် ဒီခရီးစဉ်ဟာ စစ်ကောင်စီအတွက် တွက်ခြေမကိုက်တဲ့ခရီးစဉ်ဖြစ်ခဲ့မယ်ဆို တာပေါ်လွင်နေခဲ့ပါတယ်။  

The Elders အဖွဲ့ရဲ့ကြေညာချက်ထဲမှာတော့ မစ္စတာ ဘန်ကီမွန်းက အကြမ်းဖက်မှုတွေ အဆုံးသတ်ကာ ငြိမ်းချမ်းပြီးအားလုံးပါဝင်နိုင်တဲ့ တရားဝင် ဒီမိုကရက်တစ်အစိုးရတစ်ရပ်ထူထောင်နိုင်မယ့် လမ်းကြောင်း တစ်ခုရှာဖွေဖို့ မြန်မာနိုင်ငံကိုလာခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ ရေရှည်တည်တံ့တဲ့ အဖြေတစ်ခုရရှိဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အားလုံးပါဝင် နိုင်ရေးကို အလေးပေးပြောကြားခဲ့ကြောင်းလည်း ဆိုထားပါတယ်။ မြန်မာနိုင်ငံခရီးစဉ်ဟာ စစ်ကောင်စီရဲ့ ဖိတ်ကြားချက်အရ “စူးစမ်းလေ့လာမှု”သာဖြစ်ပြီး သူ့အနေနဲ့ မြန်မာပြည်သူတွေအတွက် ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လွတ်လပ်မှုရရှိဖို့ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမယ်လို့လည်းဆိုခဲ့ပါတယ်။ ဒါ့အပြင် စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံရာမှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)ရဲ့ ဘုံသဘော တူညီချက် ၅ ရပ်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ တို့ကို အရေးတကြီးအကောင်ထည်ဖော်ရေးကိုလည်း အလေးပေး ပြောကြားခဲ့တယ်လို့ The Elders ရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ မတရားဖမ်းဆီးခံထားရတဲ့ အကျဉ်းသားအားလုံးကို မြန်မာစစ်တပ်က ချက်ခြင်းပြန်လွှတ်ပေးဖို့ အပါအဝင် အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့နဲ့ အစုအဖွဲ့အားလုံးက အစွမ်းကုန် ထိန်းထိန်း သိမ်းသိမ်း ပြုလုပ်ကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ တောင်းဆိုချက်ကို ထောက်ခံခဲ့ကြောင်းလည်း ပြောခဲ့တယ် လို့ဆိုထားပါတယ်။ စစ်ကောင်စီကကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့လည်း မစ္စတာ ဘန်ကီမွန်း က ထင်မြင်ချက်ပေးထားခဲ့တာတွေ့ရပါတယ်။ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ အခြေအနေတွေရှိမှသာ ရွေးကောက်ပွဲကျင်းပရမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပတာဟာ လက်ရှိအခြေအနေရ အကြမ်းဖက်မှုတွေနဲ့ ကွဲပြားမှုတွေ ပိုဖြစ်စေမယ့် စိန်ခေါ်ချက် ရှိနေပြီး ရလဒ်ကိုလည်း မြန်မာပြည်သူတွေအပါအဝင် အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။ ဒါ့အပြင် အာဆီယံအဖွဲ့ဝင် နိုင်ငံ တွေအပါအဝင် ကျယ်ပြန့်တဲ့ နိုင်ငံတကာ အသိုက်အဝန်းက စိုးရိမ်ပူပန်နေရတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရရှိဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ သူတို့ရဲ့ ကတိကဝတ်တွေအပေါ် စည်းလုံးညီညွတ်မှုနဲ့ သန္နိဋ္ဌာန် ကိုပြသဖို့ လိုအပ်တယ်လို့လည်း မစ္စတာ ဘန်ကီမွန်းကဆိုထားတာပါ။ သူ့အနေနဲ့ စိတ်ရှည်သည်းခံစိတ်နဲ့ လက်ရှိ အကျပ်အတည်းကနေ ရှေ့ကိုလမ်းစရှာနိုင်မယ်လို့ယုံကြည်ပြီး မြန်မာစစ်တပ်က အရင် ခြေလှမ်း စ လှမ်းရမှာဖြစ် တယ်လို့လည်း ဆိုခဲ့ပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာပြည်ခရီးစဉ်ဟာ စစ်ကောင်စီ အကြိုက်ဖြစ်ဖို့ရောက်လာတာမဟုတ်ဘဲ နိုင်ငံတကာရဲ့ သတိပေး သတင်းစကားတွေပြောဖို့အတွက်လာခဲ့တာလို့ ထင်မိပါတယ်။ တကယ်တော့ မစ္စတာ ဘန်ကီမွန်း ဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ကုလအတွင်းရေး မှူးချုပ် တာဝန်ယူထားတဲ့ကာလမှာ မြန်မာနိုင်ငံနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုတွေရှိခဲ့ဖူးတာဖြစ်ပါတယ်။ အရင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူနေစဉ်က မြန်မာနိုင်ငံကို နှစ်ကြိမ်လာရောက်ခဲ့ဖူးတာဖြစ်ပါတယ်။ နာဂစ် မုန်တိုင်းတိုက်ခတ်မှု ဖြစ်စဉ် အပြီး၂၀၀၈ ခုနှစ် မေလမှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (န.အ.ဖ) အစိုးရကနေ နိုင်ငံတကာအကူအညီတွေကိုခွင့်ပြုပေးဖို့ လာရောက်တောင်းဆိုခဲ့ပြီး ၂၀၀၉ ခုနှစ် ဇူလိုင် လမှာ ထပ်မံ လာရောက်ခဲ့တာဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်လက်ထက်မှာလည်း ပြည်ထောင်စုလွှတ်တော်မှာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောခဲ့ဖူးသလို ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးစဉ်ကလည်း ကုလသမဂ္ဂရဲ့ အသိသက်သေအဖြစ် ပါဝင် လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။ အခုလို မြန်မာ့နိုင်ငံရေးမြင်ကွင်းထဲကို မစ္စတာ ဘန်ကီမွန်း ရုတ်တရက် ပြန်ပေါ် လာတာဟာ အာဆီယံ လက်ရှိ ဥက္ကဋ္ဌ အင်ဒိုနီးရှားက နောက်ကွယ်ကနေ သံတမန်ရေးအရ တွန်းအားပေးပုံရတယ် ဆိုတဲ့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။ အတည်မပြုနိုင်တဲ့သတင်းတွေအရတော့ မစ္စတာ ဘန်ကီမွန်း ဦးဆောင် တဲ့အဖွဲ့ထဲမှာ အင်ဒိုနီးရှားနိုင်ငံသားတွေလည်း ပါဝင်လာခဲ့တယ်လို့တော့ သိရပါတယ်။ လက်ရှိမှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားအနေနဲ့ စစ်ကောင်စီဘက်က ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်ပါဆောင်ရွက်တာမရှိသေးတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာဖိအားတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံးအပတ်ထဲမှာပဲ အိန္ဒိယကဦးဆောင်ပြီး မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲ (Track 1.5)ကို ကျင်းပထားခဲ့တာဖြစ်ပါတယ်။ မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံလို ဒေသအဖွဲ့အစည်းတစ်ခုရှိ နေတဲ့ ကြားက အခုလို နောက်ထပ် မြန်မာ့အရေးဆွေးနွေးပွဲတစ်ခုကို ကျင်းပလာတာဟာ အာဆီယံအဖွဲ့အစည်းအတွက် အရှက်ရစရာတော့ ကောင်းနေခဲ့ပါတယ်။ အဲဒါကြောင့် အလှည့်ကျဥက္ကဋ္ဌ သက်တမ်းကုန်ဆုံးဖို့ တဖြည်းဖြည်း နီးကပ်လာတဲ့ အင်ဒိုနီးရှားအနေနဲ့ The Elders အဖွဲ့ကတစ်ဆင့် စစ်ကောင်စီကို သွယ်ဝိုက်တဲ့နည်းနဲ့ ဖိအား ပေးလာတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ ကတော့ မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာပြည်တွင်းခရီးစဥ်ဟာ ကျင့်ဝတ်အားဖြင့် မလျော်ကန်တဲ့ကိစ္စဆိုပြီး ရှုတ်ချ ထားပါတယ်။ နိုင်ငံတကာဇာတ်ခုံမှာ လူမိုက်ကို ပွဲထုတ်နေတာလို့ယူဆပြီး နိုင်ငံတကာအစုအဖွဲ့ ကိုယ်စားလှယ် တွေဟာ အကြမ်းဖက်စစ်ကောင်စီကို ယဉ်ကျေး အောင်ချော့မြူနိုင်ဖို့ ကြိုးစားနေဟန်ရှိတယ်လို့ ဆိုခဲ့ပါတယ်။ အရင် စစ်အစိုးရ အဆက်ဆက်မှာလည်း ဒီလိုပုံသေနည်းနဲ့ ချဉ်းကပ်ခဲ့လို့ စစ်အာဏာရှင်ဟာ သက်ဆိုးရှည်နေခဲ့ တာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။ ဟုတ်ပါတယ်။ နိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းက စစ်ကောင်စီခေါင်းဆောင်ကို တိုက်တွန်းပြီး ၂၄ နာရီမပြည့်ခင် မှာပဲ စစ်ကောင်စီဟာ ရှမ်းပြည်တောင်ပိုင်းက ဆေးပေးခန်းတစ်ခုနဲ့ စစ်ဘေးရှောင်စခန်းတစ်ခုကို ဗုံးကြဲတိုက်ခိုက် ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်ပြီး The Elders အဖွဲ့ရဲ့ထုတ်ပြန်ချက်ဟာ စစ်ကောင်စီအတွက် မထင်မှတ်တဲ့တုံ့ပြန်မှုတွေဖြစ်ခဲ့ပေမယ့် လက်တွေ့လုပ်ဆောင်ချက်တွေနဲ့ ကိုက်ညီမှုရှိ မရှိဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly