တော်လှန်အင်အားစုအားလုံးနှင့် အလုပ်သမားထုအတွက် ဂုဏ်ယူကြောင်း ယာယီသမ္မတပြောကြား

By မိုးသောက် (မဇ္ဈိမ)
01 May 2023
တော်လှန်အင်အားစုအားလုံးနှင့် အလုပ်သမားထုအတွက် ဂုဏ်ယူကြောင်း ယာယီသမ္မတပြောကြား

တော်လှန်ရေးကာလ နှစ်နှစ်ကျော်လာသည့်အချိန်ထိ မဆုတ်မနစ်တိုက်ပွဲဝင်နေ သော တော်လှန်အင်အားစုအားလုံးနှင့် အလုပ်သမားထုအတွက်ဂုဏ်ယူကြောင်း NUG ၏ ယာယီ သမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့ မေလ ၁ ရက်နေ့တွင်ကျရောက်သည့် အလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင်မှုအောက်တွင် တော်လှန်အင်အားစုအားလုံးနှင့် မဆုတ်မနစ် ပူးပေါင်းတိုက်ပွဲဝင်နေမှု အတွက်များစွာဂုဏ်ယူအားထားပါတယ်”ဟု ယာယီသမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်မှုများပြုလုပ်ခဲ့၍ ဖမ်းဆီးခံထားရသော အလုပ် သမားခေါင်းဆောင်များနှင့် အလုပ်သမား အများအပြားရှိနေသည်။

လက်ရှိအချိန်ထိ အလုပ်သမားပေါင်း ၃၀၀ ဦးခန့် ဖမ်းဆီးထောင်ချခံထားရပြီး ၅၃ ဦး သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုမှလည်း ယနေ့ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။

အလုပ်သမားထုကြီးသည် နွေဦးတော်လှန်ရေး၌ ထောက်ပို့လုပ်ငန်းများ၊ လက်နက်ကိုင်လမ်းစဉ်၊ နိုင်ငံရေး ဦးဆောင်မှုစသည့်လုပ်ငန်းများတွင် ပုံစံအမျိုးမျိုးဖြင့် ပါဝင်လျက်ရှိသည်။

ထို့ပြင် စစ်ကောင်စီကို အသိအမှတ်မပြုရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးကို အသိအမှတ်ပြုရေးတို့ အတွက် နိုင်ငံတကာအဖွဲ့စည်းများအား တိုက်တွန်းခြင်းများကိုလည်း ဆက်တိုက်ပြုလုပ်နေကြောင်း ဆို သည်။

“ အခုဆိုရင် စစ်ကောင်စီကကျင်းပမယ့် တရားမဝင်ရွေးကောက်ပွဲကို လက်မခံဖို့။ ဒါကိုလက်ရှိလည်း ပြည်တွင်းပြည်ပအလုပ်သမားအဖွဲ့စည်းတွေအနေနဲ့ ဆောင်ရွက်နေတာ ရှိပါတယ်။”ဟု မြန်မာဆောက် လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ဉက္ကဋ္ဌ ကိုပြည်ချစ်ကဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ယနေ့တွင်ကျရောက်သည့် အလုပ်သမားနေ့ ဆောင်ပုဒ် အဖြစ် “လုပ်သားထုရဲ့သွေးစည်းသံ တစ်ချီတည်းရုန်းပြီးအောင်ပွဲခံ” ( United Voice Workers Fight For Federal Future) ဟုသတ်မှတ်ထားကြောင်းသိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#အလုပ်သမားထု

#တော်လှန်ရေးအာင်အားစု

#ယာယီသမ္မတကြီး

#မေဒေးနေ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly