ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ

By လွှမ်းမိုး (မဇ္ဈိမ)
01 May 2023
ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၃၀ ရက်နေ့ ည ၉ နာရီခွဲတွင် လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဗျတ္တညီနောင်တပ်ဖွဲ့ထံမှ သိရသည်။

“တိုက်ပွဲမှာ ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေကို အများဆုံးသုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်၊ ရန်သူဘက်က စက်ကလေး၊ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာတွေရှိပါတယ်၊ စစ်ကောင်စီတပ် တပ်စွဲ နေတဲ့ နေရာတွေကို ထိမိအောင် ပစ်ခတ်နိုင်ခဲ့ပေမယ့် ထိခိုက်မှုအခြေနေကိုတော့ အတည်ပြုလို့ မရသေး ဘူး” ဟု ဗျတ္တညီနောင်တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းတပ်ရင်း အမှတ်(၃)၊ ဗျတ္တညီနောင်၊ CRA၊ ဗိုလ်ထွန်းတောက်၊ ချင်းတွင်းမြေ တပ်ခွဲ(MPDF) နှင့် နဂါးညီနောင် တပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မုံရွာ-ယာကြီးလမ်းဘေးရှိ ဘန့်ဘွေးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ၎င်းတို့ လက်နက်တပ်ဆင်ပေး ထားသော ပျူစောထီးများ ပူးပေါင်းပြီးတပ်စွဲနေသည်မှာ နှစ်နှစ်နီးပါး ရှိနေပြီ ဖြစ်သည်။

စစ်ကောင်စီတပ်၏ တပ်စွဲမှုကြောင့် ကျေးရွာအတွင်းက ထွက်ပြေးလာသည့် စစ်ရှောင် ဦးရေ ၁,၀၀၀ ခန့် စားဝတ်နေရေး အခက်အခဲနှင့် သောက်ရေသုံးရေ ရှားပါးသည့် အခြေအနေများကို ရင်ဆိုင်နေရကြောင်း သိရသည်။

စာတည်း ။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။စောဖေ

#ယင်းမာပင်

#ဘန့်ဘွေး

#ပျူစောထီး

#Mizzimatv

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly