ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်−မဒေါက်ကားလမ်းမပေါ်ရှိ ရေကြည်ချောင်း တံတား မေလ ၁ ရက်နေ့ နံနက် ၁၂ နာရီခွဲခန့်က မိုင်းခွဲခံရပြီး တံတားကျိုးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။
အဆိုပါ ရေကြည်ချောင်းတံတားသည် စစ်ကောင်စီတပ်၏ ရွှေကျင်ဗျူဟာစခန်းအတွက် အဓိကလမ်းကြောင်း ဖြစ်နေသောကြောင့် ဖြတ်တောက်ရှင်းလင်းရေးဗျူဟာအရ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ညောင် လေးပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယနေ့ မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
“ဒီမနက်မှာတော့ ညောင်ပင်ပေါက်ရွာအထွက်နားမှာ စစ်ကောင်စီတပ်သား အယောက် ၃၀၊ ၄၀ လောက် တွေ့ရတယ်။ တံတားဘက်သွားတဲ့လမ်းဘက်ကို သစ်ကိုင်းတွေခုတ်ပြီး ပိတ်ထားတယ်” ဟု ဒေသခံ ရွာသားတစ်ဦးမှ မဇ္ဈိမကိုပြောသည်။
အဆိုပါတံတားနှင့်အပြိုင်တွင် ရထားလမ်းရှိသောကြောင့် ရထားလမ်းဘက်ခြမ်းမှပြန်တက်၍သွားလျှင်ရ သည့် လမ်းလွှဲရှိသောကြောင့် ဆိုင်ကယ်များသွား၍ရကြောင်း သိရသည်။
အဆိုပါလမ်းလွှဲထိပ်ရှိ ဘုန်းကြီးကျောင်းအနီးတွင်လည်း စစ်ကောင်စီတပ်နှင့်ရဲများ အစောင့်ရှိနေကြောင်း ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။
“တံတားညကကျိုးပြီးတော့ ကားဖြတ်မရတော့တဲ့အတွက် ဆိုင်ကယ်တွေနဲ့ ပြန်ကျော့သယ်နေကြတယ်၊ အဲဒီတော့ ကုန်သည်တွေကလည်း တံတားကျိုးတာနဲ့စျေးကောက်တင်လိုက်ကြတယ်၊ ဒီမနက်လည်း ရောက်ရော အကုန် တစ်ထောင်၊ နှစ်ထောင်စီတက်နေပြီ” ဟု ဒေသခံမှပြောသည်။
ရေကြည်ချောင်းတံတားသည် RC တံတားအမျိုးအစားဖြစ်ပြီး အရှည် ၁၂၅ ပေနှင့် အကျယ် ၂၄ ပေရှိကာ ၆၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
Photo- CJ
#ညောင်လေးပင်−မဒေါက်လမ်း