အမရပူရရဲစခန်း လိုင်းခန်းအတွင်း ဗုံးသီးကျရောက်ပေါက်ကွဲ၊ ကလေး ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရဟုဆို

By 007 (မဇ္စျိမ)
01 May 2023
အမရပူရရဲစခန်း လိုင်းခန်းအတွင်း ဗုံးသီးကျရောက်ပေါက်ကွဲ၊ ကလေး ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရဟုဆို

မန္တလေးမြို့၊ အမရပူရမြို့မရဲစခန်း လိုင်းခန်းအတွင်း ယနေ့ မေလ ၁ ရက်နေ့ နံနက်ပိုင်းက ၄၀ မမ ဗုံးသီးကျရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

“လိုင်းခန်းကို ၄၀ မမ နဲ့ထုသွားတာလို့ ရဲတွေဘက်ကပြောတယ်။ ပေါက်ကွဲသံလည်း နှစ်ခါကြားတယ်။  မနက်အစောကြီးတစ်ခါ၊ နောက် လေးနာရီခြားပြီးတစ်ခါ။ ဒုတိယအကြိမ်မှာမှ လိုင်းခန်းထဲတည့်တည့်ကျ တာ” ဟု နယ်မြေခံရဲအသိုင်းအဝိုင်းနှင့်နီးစပ်သူ ဒေသခံတစ်ဦးကပြောသည်။

မေလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲစခန်းဝင်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင် နှစ်ဦး၏နေအိမ်နှစ်လုံးအကြား ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

“စာရေးမအိမ်နဲ့ တပ်ကြပ်တစ်ယောက်အိမ်ကြား ပေါက်ကွဲမှုဖြစ်ပြီး ကလေးကဒဏ်ရာနဲ့ သေသွားတာ” ဟု ၎င်းကပြောသည်။

ဗုံးသီးပေါက်ကွဲမှုကြောင့် ရဲဝန်ထမ်းစာရေးမ၏ အသက်(၆)နှစ်အရွယ်ယောက်ျားလေးတစ်ဦးမှာ ဦးခေါင်း ထိခိုက်ဒဏ်ရာဖြင့်သေဆုံးခဲ့ပြီး မိသားစုဝင်အမျိုးသမီးလေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုကို မည်သည့်အဖွဲ့ကလုပ်ဆောင်ခြင်းဖြစ်ကြောင်းမသိရသေးဘဲ လက်ရှိတွင် ရဲစခန်းအနီး ဝန်းကျင်ရပ်ကွက်အချို့ကို စစ်ကောင်စီတပ်ဖွဲ့က ပိတ်ဆို့စစ်ဆေးနေကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required