ရခိုင်အမျိုးသားပါတီကို ပြိုကွဲအောင် လုပ်နေဟု စွပ်စွဲ

ရခိုင်အမျိုးသားပါတီကို ပြိုကွဲအောင် လုပ်နေဟု စွပ်စွဲ
ရခိုင်ပါတီနှစ်ခု စတင်ပူးပေါင်းစဉ်။ (ဓာတ်ပုံ-ကျော်မင်း)

စစ်တွေ၊ မတ် ၂၅ ရက် ။          ။

ရခိုင်အမျိုးသားပါတီကို ယခင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP အုပ်စုက ပြိုကွဲအောင် ပြုလုပ်နေကြောင်း ANP ဗဟိုအလုပ်အမှုဆောင် ၆ ဦးက မတ်လ ၂၅ ရက်တွင် ကြေညာချက်ထုတ်ကာ စွပ်စွဲပြောကြားလိုက်သည်။

"ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၃၉ ဦး နေရာကို RNDP တစ်ခုတည်းက ရယူဖို့ ကြိုးစားနေတာဟာ ပါတီကို ပြိုကွဲအောင် လုပ်နေတာနဲ့ တူပါတယ်။ ANP ဆိုတဲ့ ပါတီနာမည် ဆက်လက် ရပ်တည်ဖို့ ထိခိုက်လာနိုင်ပါတယ်။" ဟု ANP ဗဟိုအလုပ်အမှုဆောင်၊ ယခင် ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးကျော်က ပြောသည်။

ရခိုင်အမျိုးသားပါတီမှ ဇန်နဝါရီ ၁၉ ရက်နေ့စွဲနှင့် ထုတ်ပြန်ခဲ့သော ၁/၂၀၁၆ နှင့်ပတ်သက်၍ ပါတီတွင်း သဘောထားကွဲလွဲမှုမှာ အမြင့်ဆုံး အနေထားသို့ ရောက်ရှိခဲ့သည်။

ယင်းနောက်တွင် ဗဟိုအလုပ်အမှုဆောင် ၆ ဦးမှ အဆိုပါက ကြေညာချက်ကို ကန့်ကွက်ကြောင်း ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးနောက်တွင် ပါတီဗဟိုဌာနချူပ်မှ ၎င်းတို့ ၆ ဦးကို ထုတ်ပယ်ခဲ့သည်။

"RNDP က ANP ကို ပြိုကွဲအောင် လုပ်နေတယ်လို့ သူတို့ စွပ်စွဲတယ်ဆိုတာ ကျနော်တို့ဆီကို တရားဝင် မရောက်သေးပါဘူး။ ဒါကြောင့် ခု ဖြေဖို့ ခက်ပါလိမ့်မယ်" ဟု ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချူပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ပြည်စိုးက ပြောသည်။

ရခိုင်အမျိုးသားပါတီကို ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း မဲမကွဲစေဖို့ ရည်ရွယ်ပြီး အင်အားကြီး ပါတီနှစ်ခုဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်နှင့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီတို့ကို ပေါင်းစည်းခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ နှစ်ဆန်းပိုင်းမှစ၍ ရခိုင်အမျိုးသားပါတီတွင်း အင်အားစုနှစ်ခု သဘောထား တင်းမာမှုများ ဖြစ်ပေါ်လာပြီး ဦးအေးသာအောင် (ယခု အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ) ဦးဆောင်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ မဟာမိတ်ဖြစ်သည့် UNA နှင့် မဟာမိတ်ဆက်ဆံရေးများကို ပါတီဌာနချူပ်က ဖျက်သိမ်းခဲ့သည်။

ယင်းနောက် ၁/၂၀၁၆ နှင့် ၂/၂၀၁၆ တို့ကို ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်ကို အသိမပေးဘဲ ထုတ်ပြန်ခဲ့သည်ဟု ဦးမျိုးကျော်က ပြောသည်။

ANPသည် နှစ်ပါတီ ပူးပေါင်းထားသည့် ပါတီဖြစ်သဖြင့် ပါတီတစ်ခု၏ အဖွဲ့ဝင်များအားလုံးကို ထုတ်ပယ်မည်ဆိုပါက ယခု အသုံးပြုနေသော ပါတီအလံတော်၊ ပါတီလိုဂိုနှင့် ပါတီအမည်တို့သည် နှစ်ပါတီ ပူးပေါင်းထားသည့် လက္ခဏာဟု မခေါ်သင့်တော့ကြောင်း
ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်၏ ယနေ့ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly