KNU တပ်မဟာ(၁)နယ်မြေ အလူးလေးတွင် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး 

By YT (မဇ္ဈိမ)
30 April 2023
KNU တပ်မဟာ(၁)နယ်မြေ အလူးလေးတွင် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး 
ဓါတ်ပုံ- KNU ဒူးသထူးခရိုင် (ပုံဟောင်း)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ဧပြီလ ၂၉ ရက်နေ့ နံနက် ၆ နာရီကျော်တွင် ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ၊ အလုံတောင် ဘုရား ကုန်းသို့ အင်အားဖြည့်တင်းရန်စစ်ကြောင်းထိုးလာသော အင်အား ၅၀ ဝန်းကျင်ခန့်ရှိ စစ်ကောင်စီတပ် သားများနှင့် တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့အကြား ၃၀ မိနစ်နီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။

“အလုံတောင်ကိုအင်အားလာဖြည့်တဲ့ စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်တာပါ။ အထိအခိုက်ကတော့ စစ်ကောင်စီဘက်က သုံးယောက်သေတယ်။ ဒလန်တစ်ယောက် အရှင်ဖမ်းမိတာရှိတယ်" ဟု KNU နှင့် နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သုံးဦးသေဆုံး၍ ထိခိုက်ဒဏ်ရာရသူများခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့မှ တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်ထံသတင်းပေးနသော ဒလန်တစ်ဦးအား အသက် ရှင်လျက် ဖမ်းမိကြောင်း သိရသည်။

ထို့အပြင် ဧပြီလ ၂၉ ရက်နေ့ ညနေပိုင်းက ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာရှိ သံတံတားစစ်ကောင်စီ ဂိတ်စခန်းအား တပ်မဟာ (၁) ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းရှိပြီး သံတံတား စစ်ကောင်စီဂိတ်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

သံတံတားဂိတ်မှ ပစ်ခတ်သော လက်နက်ကြီးကျည်တစ်လုံးသည် သပြေနီကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံနှစ်ဦးအား ထိမှန်ခဲ့ကာ တစ်ဦးပွဲချင်းပြီးသေဆုံးကာ တစ်ဦးသည်  လက်နက်ကြီး ကျည်ထိမှန်မှုကြောင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

“ညနေပိုင်းမှာက စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးကျည်တစ်လုံးက သပြေနီထဲကျတယ်၊ ရွာသား နှစ်ယောက်ထိပြီး တစ်ယောက်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ တစ်ယောက်ကတော့ ဆေးရုံမှာ ခြောက် ချက် ချုပ်လိုက်ရတယ်" ဟု ဘီးလင်းမြို့နယ်မှ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။ 

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံး၊ ထိခိုက်ခဲ့ရသော သပြေနီကျေးရွာနေ ဒေသခံများသည် မည်သူမည်ဝါဖြစ်ကြောင်း မဇ္ဈိမမှ သီးသန့် အတည်ပြုနိုင်ခြင်းမရှိသေးချေ။ 

ဧပြီလ ၂၉ ရက်နေ့က ဘီးလင်းမြို့နယ်ရှိ သံတံတားဂိတ်နှင့် ကျိုက်ထိုမြို့နယ်ရှိ ကန်မွန်းစခန်းရဲစခန်း၊ ရွှေရောင်ပြကျေးရွာအနီးရှိ လုံခြုံရေးဂိတ်တို့အား တပ်မဟာ(၁)ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

စာတည်း။   ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly