CDF - ကန်ပက်လက်ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေဆုံး

By ပါခွီး(မဇ္စျိမ)
30 April 2023
CDF - ကန်ပက်လက်ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေဆုံး
CDF-Kanpetlet တပ်ဖွဲ့ဝင်များ

ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ်အတွင်း CDF  ထိန်းချုပ်နယ်မြေသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦးသေဆုံးသွားကြောင်း CDF - Kanpetlet က ယနေ့ ဧပြီလ ၃၀ရက်တွင် ထုတ်ပြန်သည်။

ကျင်ဒွေးမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းမှ အင်အား ၇၀ခန့်ပါသည့် စစ်ကြောင်းသည် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF- Kanpetlet ၏ ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများအတွင်းသို့  ကျူးကျော်ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခြင်းဟု ဆိုသည်။

“ကျနော်တို့ ချုံခိုတိုက်ခိုက်ခဲ့တာပါ။နာရီဝက်လောက်အကြာ ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်” ဟု CDF- Kanpetlet တပ်မဟာမှူးဆလိုင်းထွန်းလိန်းက မဇ္စျိမ ကိုပြောသည်။

တိုက်ပွဲသည် ကျင်ဒွေးမြို့နှင့် ငါးအော်ကျင်းရွာအကြားတွင် ယမန်နေ့ ဧပြီလ ၂၉ရက် မွန်းလွဲ ၂နာရီမှ စ၍ မိနစ် ၃၀ခန့်ကြာ ဖြစ်ပွားခဲ့ခြင်းဟုဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့ပြီး ကျင်ဒွေးမြို့ဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကာ CDF-Kanpetlet တပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိခဲ့ကြောင်းသိရသည်။

ဧပြီလ ၂၆ရက်နေ့ နံနက်ပိုင်းကလည်း ကန်ပက်လက်မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးစောင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်းCDF – Kanpetletက သတင်းထုတ်ပြန်ထားသည်။

စာတည်း -မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required