နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃၀  ဧပြီ  ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃၀  ဧပြီ  ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

•    ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌ မစ္စတာ ဘန်ကီမွန်း နှင့် NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့သည် ဧပြီ ၂၇ ရက်က အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်ကောင်စီကို ဖိအားပေးမှုနှင့် အရေးယူပိတ်ဆို့မှုများ ပိုတိုးလုပ်ရန် ပြောဆိုခဲ့သည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ ဧပြီ ၃၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

•    ကရင်နီ (ကယား) ပြည်နယ်အတွင်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေမှုအတွက် လေယာဉ်ပစ် လက်နက် ကရင်နီပွိုင့် 5 စီမံကိန်းအတွက် ပူးပေါင်း ပါဝင်က ကရင်နီပြည်လွတ်မြောက်ရေးသည် မြန်မာပြည်လွတ်မြောက်ရေးဖြစ်သည်ဟု NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောကြားလိုက်သည်။

•    နွေဦးအင်းလျားကွန်ဒို အရောင်းဖွင့်ပြီး ၁၂ နာရီအတွင်း ဒေါ်လာ ၆ သန်းကျော်ဖိုး ဝယ်ယူ အားပေး ခဲ့ကြသည်ဟု The End of Dictatorship EOD ထံမှ သိရသည်။

•    ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ဌက်များအသိုက်ဆောက်ချိန် သားပေါက်ချိန်ကာလဖြစ်သည့် မေလ မှ ဇူလိုင်လအထိ ဌက်ပစ်အမဲလိုက်ခြင်းကို သုံးလ တားမြစ်ကြောင်း မင်းတပ်မြို့ ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့မှ ဧပြီ ၂၉ ရက်က ကြေညာချက် ထုတ်ပြန်ထားသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ်အင်အားစုများ ဦးဆောင်ကာ ယနေ့ ဧပြီ ၃၀ ရက်တွင် အာဏာရှင်တော်လှန်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီ ၃၀ ရက်တွင် ဖက်ဆစ်စစ်တပ်တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

•    စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်၊ အလယ်လျှိုရွာကို ဧပြီ ၃၀ ရက်၊ နံနက် ၉ နာရီခန့်က အကြမ်းဖက် စစ်တပ်က ဒုတိယအကြမ် စီးနင်းပြီး ရွာလုံးကျွတ် မီးတင်ရှို့နေကြောင်း ဒေသခံပြည်သူများက ပြောသည်။

•    စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် တစ်ပတ်အတွင်း ကျေးရွာသုံးရွာက အိမ်ခြေ ၅၀၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံလိုက်ရသည်ဟု ဒေသတွင်း သတင်းရင်းမြစ် ခင်ဦးမြို့နယ် သတင်းမှန်အဖွဲ့ထံမှ သိရသည်။

•    စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ ရဲကင်း စခန်း ၄ ခုကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များက ယနေ့ ဧပြီ ၂၉ ရက်၊ နံနက်ပိုင်းတွင် တစ်ပြိုင်နက် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။

•    စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ စစ်တပ်တပ်စွဲထားသော နေရာများကို ဧပြီ ၂၉ ရက်၊ ညနေ ၆ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Chindwin Attack Force မှ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

•    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာရှိ အမှတ် ၆၀၀၅ အမြောက်တပ်ရင်းအဝင် စစ်ဆေးရေး ဂိတ်၊ သံချပ်ကာ ကားဂိုဒေါင် နှင့် မာလဲတော(ပျူ) ရွာအား ဧပြီ ၂၉ ရက်၊ ညနေ ၃ နာရီခန့်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာက စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ အစားအသောက်များ ကျွေးမွေးလှူဒါန်း ခဲ့ကြောင်း သိရသည်။

•    စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည့် Non-CDM ပညာရေးဝန်ထမ်း အမျိုးသမီး နှစ်ဦးကို ဒေသတွင်း ကာကွယ်ရေး PDF အဖွဲ့က ဧပြီ ၂၆ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု နီးစပ်သည့် အသိုက်အဝန်းထံမှ သိရသည်။

•    ကန့်ဘလူအပါအဝင် တစ်နိုင်ငံလုံးရှိ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ဒဏ်ကို ခံခဲ့ရသည့် ပြည်သူများ၏ အကြွေးကို ပြန်ယူရန် ရည်ရွယ်ချက် နှင့် ပြုလုပ်သည့် ကန့်ဘလူအကြွေး ကမ်ပိန်းသည် ၁၄ ရက် (နှစ်ပတ်တာ) အတွင်း ကျပ်သိန်းပေါင်း ၅၃၃၃ ကျပ်ခန့် ရရှိခဲ့ကြောင်း သိရသည်။

•    မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ နီကယ်စက်ရုံမှ ဒဏ်ရာရ အကြမ်းဖက် စစ်သားများကို တင်ဆောင်ပြီး တကောင်းမြို့ဘက်သို့ ဆင်းလာသော အကြမ်းဖက် စစ်ကားတစ်စီးကို ဧပြီ ၂၉ ရက်၊ နေ့လယ်ပိုင်းက နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၅ ဦး သေဆုံးခဲ့ကြောင်း တကောင်းပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် ၆ လေးအိမ်တန်းရွာ၊ ရွှေညောင်ပင်ဘုန်းကြီးကျောင်းတွင် တပ်စွဲ ထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဧပြီ ၂၉ ရက်နေ့က တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ဦး အပါအဝင် ရှစ်ဦး သေဆုံးခဲ့ကြောင်း မြင်းခြံ တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    မကွေးတိုင်း၊ မကွေးမြို့၊ ဘူတာရပ်ကွက်တွင် ရဲမိန်းမဖြစ်သူ သန်းသန်းဆင့်သည် ဧပြီ ၂၉ ရက်၊ ညနေ ၅ နာရီခွဲခန့်က သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မကွေးပြောက်ကျားတပ်ဖွဲ့ဖြစ်သည့် Magway Guerrilla Warfare ထံမှ သိရသည်။
•    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပဉ္စသီမော်ကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင် မင်းဝါကို ဧပြီ ၂၉ ရက်၊ နံနက် ၁၁ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျည်နှစ်ချက် ထိမှန်ပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Dawei Defense Team –DDT အဖွဲ့က ထုတ်ပြန်ထားသည်။

•    တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ရှိ မြိတ်-တနင်္သာရီ-ဘုတ်ပြင်း နှင့် ထုံခါ-မောတောင်လမ်းပေါ်ရှိ နယ်စပ် ကုန်သွယ်ရေး လမ်းပိုင်းကို နှစ်ဖက်တိုက်ပွဲများကြောင့် ယာယီပိတ်ထားရာမှ ဧပြီ ၂၉ ရက်တွင် ပြန်လည် သွားလာခွင့် ပေးလိုက်ပြီ ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

•    စစ်တပ်ပိုင်မိုင်တဲဆက်သွယ်ရေး ကုမ္ပဏီအကြီးအကဲ ပစ်သတ်ခံရမှုတွင် ဖမ်းဆီးခံထားရသည့် အသက် ၂၆ နှစ်အရွယ် ကိုဗညားစိုးထက်ကို စစ်ကောင်စီက ထောင်ဒဏ် ၈၄ နှစ် ချမှတ်လိုက်သည်ဟု ရန်ကုန် တော်လှန်ရေး အင်အားစု (YRF) ထံမှ သိရသည်။

•    ရန်ကုန်-မော်လမြိုင် လမ်းမကြီးရှိ လုံခြုံရေးယူထားသော စစ်သားများကို ဧပြီ ၂၉ ရက်၊ မွန်းလွဲ ၁၂ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ရာ လေးဦး သေဆုံးခဲ့ကြောင်း Hawk Revolutionary Squad –HRS အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာအနီးရှိ အကြမ်းဖက် စစ်ကောင်စီဂိတ်ကို ဧပြီ ၂၉ ရက်၊ ညနေ ၆ နာရီ မိနစ် ၂၀ ခန့်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း သထုံ မြို့နယ် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေး အင်အားစု -TPDF တပ်ဖွဲ့ထံမှ သိရသည်။

•    ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲခြင်းကြောင့် တိမ်းရှောင်လာသည့် ပြည်သူများကို ကျေးလက်မြေ အဖွဲ့ နှင့် ကရင်နီ လူငယ်များ ပူးပေါင်းကာ ယနေ့ ဧပြီ ၂၉ ရက်တွင် ထမင်း၊ ဟင်း၊ အအေး နှင့် မုန့်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

•    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်း၊ မူဆယ် နှင့် ကွတ်ခိုင်ဒေသအတွင်းက ပြည်သူ့စစ်အားလုံး ပြည်သူ့ အကျိုးပြုလုပ်ငန်းများက လွဲပြီး စစ်ကောင်စီနှင့် ပူးပေါင်းဂိတ်စောင့်ခြင်း ကင်းလှည့်ခြင်း နှင့် အခြားကိစ္စရပ်များမှာ ပူးပေါင်းခြင်းမျိုး မလုပ်ရန် မူဆယ်ဗျူဟာက ဧပြီ ၂၉ ရက်စွဲဖြင့် ထုတ်ပြန် အသိပေးထားသည်။

•    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချို-ပြင်ဦးလွင် တိုက်ပွဲများတွင် စစ်ကောင်စီက ဗျူဟာကျ စစ်ဆင်ရေးများ မလုပ်တော့ဘဲ လူလှိုင်းစစ်ဆင်ရေးများ သုံးလာသည်ဟု MDY PDF ထံမှ သိရသည်။

•    တောင်ကိုရီးယားနိုင်ငံ၊ အူဆန်မြို့တွင် ကိုရီးယား-မြန်မာ ပူးပေါင်းကာ ယနေ့ ဧပြီ ၃၀ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

•    ချက်နိုင်ငံရောက် တက်ကြွလှုပ်ရှားသူ မြန်မာလူငယ်တပ်စုမှ ဦးစီး၍ ပရာဟာမြို့၊ စစ်ကောင်စီ သံရုံးအနီးတွင် “ Shedding Light On Untold Stories of Burma ” အမည်ရှိ မြန်မာ့အရေး လှုပ်ရှားမှုကို ဧပြီ ၂၈ ရက်တွင် ပြုလုပ်ခဲ့ကြသည်။

•    အမေရိကန်နိုင်ငံ၊ မေရီလန်းမြို့တွင် ဧပြီ ၂၉ ရက်က တော်လှန်သင်္ကြန် အငြိမ့် နှင့် နွေဦးတော်လှန်ရေး ရန်ပုံငွေ ရှာဖွေပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

•    အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်တွင် ဧပြီ ၂၉ ရက်က ပြုလုပ်သည့် ထောက်ပို့တော်လှန် သင်္ကြန်ရန်ပုံငွေ ပွဲတော်တွင် ရန်ပုံငွေ အမေရိကန်ဒေါ်လာ သုံးသောင်းကျော် ရှာဖွေရရှိခဲ့သည်ဟု ပွဲစီစဉ်သည့် NYCBC အဖွဲ့က ထုတ်ပြန်ထားသည်။
•    အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့တော်ခန်းမရှေ့တွင် ဧပြီ ၂၉ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

•    ဆွီဒင်အင်ဂျင်နီယာကုမ္ပဏီ AFRY က အငြင်းပွားဖွယ် ရေအားလျှပ်စစ်စီမံကိန်းများတွင် ဆယ်စုနှစ် နှစ်ခုကျော် အလုပ်လုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံကနေ ထွက်ခွာရန် ရည်ရွယ်ထားသည့်အကြောင်း ကြေညာခဲ့ပြီး စစ်အုပ်စုနှင့် စီးပွားအတူ လုပ်ကိုင်မှု ရပ်တန့်ရန် လုပ်ဆောင်လာမှုကို ကြိုဆိုကြောင်း ပြည်တွင်း နှင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း ၅ ခုက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ
•    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလုံတောင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ် နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များကြား ဧပြီ ၂၉ ရက်၊ နံနက် ၇ နာရီခန့်က တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု သထုံပြည်သူ့ ကာကွယ်ရေးတပ်ဘက်က သတင်းထုတ်ပြန်ထားသည်။

•    ချင်းပြည်နယ်ကို ဧပြီလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၀ ရှိနေပြီး အရပ်သား ၁၄ ဦးအထိ သေဆုံးထားသည်ဟု ချင်းအမျိုးသားတပ်ဦး CNF ထံမှ သိရသည်။

•    မိုင်းပြုလုပ်နေစဉ် မတော်တဆပေါက်ကွဲမှုကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) မှ ရဲဘော်နှစ်ဦး ကျဆုံးပြီး သုံးဦး အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း CDF-Kanpetlet မှ ဧပြီ ၂၉ ရက်က ထုတ်ပြန်ထားသည်။

•    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံ-ပင်လောင်း နယ်စပ်ရှိ စစ်သား ၃၀ ကျော် သေဆုံးခဲ့သော ဧပြီ ၂၀ ရက်မှ ၂၆ ရက်ထိ မြောက်စလုံးတိုက်ပွဲအတွင်း ဒရုန်းစစ်ဆင်ရေး ၃၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း KNDF-UAV အဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီ

•    မန္တလေးမြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူတော်မူနေသည့် ဗန်းမော်ဆရာတော်ကြီးအား စစ်ကောင်စီ ခေါင်းဆောင်က ဧပြီ ၂၉ ရက်၊ နံနက်ပိုင်းက ဖူးမြှော် ကြည်ညိုကာ ကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထားခဲ့ကြောင်း သိရသည်။

•    စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်သည် တာချီလိတ်လေယာဉ်ကွင်း လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်မှု အခြေအနေများကို ဧပြီ ၂၉ ရက်၊ မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
•    ၂၀၂၃ ခုနှစ် ဇူလိုင်လထိ သတ်မှတ်၍ ကျန်ရှိသည့် အမှုများ ပြီးပြတ်အောင် စီမံချက် ရေးဆွဲဆောင်ရွက်ရန် တရားရုံး စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာမှုခင်းများ တရားစီရင်ရေး အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ဧပြီ ၂၉ ရက်တွင် ကျင်းပသည့် အစည်းအဝေးတွင် ပြောသည်။

•    စစ်ကောင်စီက ခန့်အပ်လိုက်သည့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးတင်မောင်ဆွေသည် ၎င်း၏ သံတမန်ခန့်အပ်လွှာကို တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ ပေးအပ်လိုက်ပြီ ဖြစ်သည်ဟု စစ်ကောင်စီဘက်က ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်သည်။
•    ပြည်တွင်းရှိ အလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၁၆၃ နေရာ ရရှိမည့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တစ်ခု နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တစ်ခု တို့ကို ခွင့်ပြုပေးခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီထံမှ သိရသည်။

•    စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၂၉ ရက်၊ ည ၈ နာရီထုတ်ပြန်ချက်အရ ကိုဗစ်အတည်ပြုလူနာသစ် ၁၃၀ ဦး တွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
•    ရှမ်းပြည်နယ် နှင့် ကရင်နီ (ကယား) ပြည်နယ် အစပ်တွင် ဧပြီ ၂၄ ရက်မှ ၂၇ ရက်ထိ တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီး တစ်ဦး၊ ဗိုလ်ကြီး တစ်ဦး အပါအဝင် အရာရှိများ ဆက်တိုက် သေဆုံး နေကြောင်း စစ်တပ်သတင်းရင်းမြစ်များက ပြောသည်။

•    စစ်တပ်အတွင်း ထိပ်ပိုင်းအရာရှိများမှ စ၍ အောက်ခြေတပ်သားများအထိ အမျိုးသမီးတစ်ဦး နှင့် Sex Chat ထားသည့် ဗီဒီယိုဖိုင်များကို အိပ်ယာဝင်ပုံပြင်များ တယ်လီဂရန် ချန်နယ်တွင် ပေါက်ကြားသွားပြီး Sex Chat ပြောသည့် အကောင့်ပိုင်ရှင်ကို အရေးယူနိုင်ရေး စစ်တပ်က အပူတပြင်း ရှာဖွေနေကြောင်း စစ်တပ်သတင်းရင်းမြစ်ထံမှ သိရသည်။

ဧပြီ ၃၀ ရက် သုံးသပ်ချက်
•    အမျိုးသားညီညွတ်ရေးအစိုးရ နှင့် ကုလအတွင်းရေးမှူးချုပ်ဟောင်းတို့ တွေ့ဆုံဆွေးနွေးမှုအရ စစ်ကောင်စီအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ပိုပြီး ဝိုင်းဝန်းဖိအားပေးမှု နှင့် အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ရန် အလေးပေးဆွေးနွေးနိုင်ခဲ့သည့်အတွက် စစ်ကောင်စီသည်  နိုင်ငံတကာ ဖိအားများကို ယခုထက် ပိုမိုရင်ဆိုင်လာရန် ရှိသည်ဟု သုံးသပ်နိုင်သည်။
•    စစ်ကောင်စီကို တော်လှန်နိုင်ရန် ထောက်ပို့ရန်ပုံငွေ ရှာဖွေမှုများသည် ပြည်တွင်းသာမကဘဲ ပြည်ပနိုင်ငံများတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် တက်တက်ကြွကြွ လှုပ်ရှားလုပ်ဆောင်နေသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required