ဆူဇူကီးဖလားတွင် လက်ရှိခြေစွမ်းထက်ပိုကောင်းကာ အောင်မြင်မှုရမည် ဟု ဂတ်ဇီဆီ ယုံကြည်

ဆူဇူကီးဖလားတွင် လက်ရှိခြေစွမ်းထက်ပိုကောင်းကာ အောင်မြင်မှုရမည် ဟု ဂတ်ဇီဆီ ယုံကြည်
စင်ကာပူလက်ရွေးစင်အသင်းနှင့် မြန်မာလက်ရွေးစင်အသင်း ခြေစမ်းပွဲယှဉ်ပြိုင်ကစားနေစဉ်

မတ် ၂၅ ၊ ရန်ကုန်။            ။ ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးအသင်းအနေဖြင့် လက်ရှိခြေစွမ်းပိုင်းထက် ပိုမိုကောင်းမွန်လာကာ အောင်မြင်မှုရရန် ယုံကြည်သည် ဟု လက်ရွေးစင်နည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်က စင်ကာပူအသင်းနှင့် ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် မတ်လ ၂၄ ရက်တွင် ဆူဇူကီးဖလားအကြိုပြင်ဆင်မှုအနေဖြင့် စင်ကာပူနိုင်ငံ၌ စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ရာ ခြေစွမ်းပိုင်းကောင်းမွန်လာသော်လည်း အဆုံးသတ်အားနည်းမှုကြောင့် ပွဲအပြီးတွင် ၂-၁ ဖြင့် ကပ်ရှုံးနိမ့်ခဲ့သည်။

“ အသင်းလိုက် ကစားပုံနဲ့ခြေစွမ်းကို အားရပါတယ်။ အခွင့်အရေးတွေ အကြိမ်များစွာ ဖန်တီးနိုင်ခဲ့သလို ဂိုးသွင်းခွင့်တွေလည်း ရခဲ့တာ အားလုံး အမြင်ပါပဲ။ စိတ်ဆန္ဒစောခြင်းနဲ့ ဂိုးကံခေသွားတာကြောင့် ရသင့်တဲ့ ဂိုးတွေမရခဲ့ဘူး။ အသင်းကို အကောင်းဆုံးပုံစံ ဆက်လက်တည်ဆောက် သွားမှာပါ။ အဓိက ပြိုင်ပွဲဖြစ်တဲ့ ဆူဇူကီးဖလားမှာ လက်ရှိခြေစွမ်းထက် ပိုကောင်းတဲ့ ကစားပုံနဲ့ အောင်မြင်မှု ရဖို့ ယုံကြည်ထားပါတယ်။ အချိန်တော့ ပေးရလိမ့်မယ်။ ဆူဇူကီးဖလား အတွက် လေးနိုင်ငံ ဖိတ်ခေါ်ပွဲကို ရန်ကုန်မှာ လက်ခံကျင်းပ သွားဖို့ ရှိနေသလို ပြည်ပ ထွက်ပြီးလေ့ကျင့် သွားဖို့လည်းရှိနေပါတယ်။ ကစားသမားတွေကို စည်းကမ်းပိုင်း ကောင်းမွန်ပြီး တစ်ဦးခြင်းရော အသင်းလိုက်ပါ တောင့်တင်းတဲ့ အသင်းကောင်း တစ်သင်းဖြစ်လာဖို့ တည်ဆောက်သွားမှာပါ ” ဟု ဂတ်ဇီဆီက ပြောသည်။

ယခုနှစ် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲအား လာမည့် နိုဝင်ဘာ ၁၉ မှ ဒီဇင်ဘာ ၁၇ အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနှင့် ဖိလစ်ပိုင် တို့က ပူးတွဲကျင်းပရန် စီစဉ်ထားသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မတ်လ ၂၉ ရက်တွင် လက်ဘနွန်အသင်းနှင့် သွားရောက်ယှဉ်ပြိုင်ကစားမည် ဖြစ်ပြီး ဆူဇူကီးဖလားမတိုင်ခင်တွင် ဥရောပနိုင်ငံများသို့ သွားရောက်ကာ ခြေစမ်းပွဲများ ကစားရန်လည်း စီစဉ်ထားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly