သံတံတားဂိတ်နှင့် ကင်မွန်းချောင်း ရဲစခန်းတို့အား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း PPDF- KD ပြော

By YT (မဇ္ဈိမ)
30 April 2023
သံတံတားဂိတ်နှင့် ကင်မွန်းချောင်း ရဲစခန်းတို့အား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း PPDF- KD ပြော

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ သံတံတားစစ်ကောင်စီဂိတ်စခန်းနှင့် ကျိုက်ထိုမြို့နယ်ရှိ ကင်မွန်းချောင်းရဲစခန်းတို့အား စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD တာဝန်ရှိသူထံက သိရသည်။

" ကင်မွန်းစခန်းမှာ ၁၅ ဦးခန့်၊ သံတံတားမှာက ၁၀ ဦးခန့် ရှိပါတယ်။ ကင်မွန်းစခန်းရဲစခန်းကတော့ အဆောက်အအုံတချို့ပျက်စီးပါတယ်။ လူထိခိုက်မှု မသိရသေးပါဘူး။ သံတံတားဂိတ်က နှစ်ဦးသေ နှစ်ဦးဒဏ်ရာရပါတယ်" ဟု PPDF-KD တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ဧပြီလ ၂၉ ရက် ၊ နေ့လယ်ပိုင်းတွင် ကျိုက်ထိုမြို့နယ်၊ ကင်မွန်းစခန်းကျေးရွာရှိ ရဲနှင့် စစ်သား ၁၅ ဦးခန့် အထိုင်ချနေသော ကင်မွန်းချောင်းရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ကြဲချခဲ့ရာ ရဲစခန်း အဆောက်အအုံအချို့ ပျက်စီးမှုရှိပြီး စစ်ကောင်စီတပ်သားအထိအခိုက်အား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် ယမန်နေ့ ဧပြီလ ၂၉ ရက် ညနေပိုင်းတွင် ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာရှိ စစ်သား ၁၀ ဦးခန့် အထိုင်ချနေသော သံတံတား စစ်ကောင်စီဂိတ်စခန်း (သဲဖြူချောင်းတံတားဂိတ်) အား တပ်မဟာ (၁) ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးငါးလုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုကြောင့် သံတံတားဂိတ်ရှိ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံး၍ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သော ထိုဒရုန်းမစ်ရှင်များအား တပ်မဟာ (၁) KNLA၊ PDF၊ ပအိုဝ်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)၊ သထုံမြို့နယ် ပြည်သူ့တော်လှန်ရေးအင်အားစု (TPDF)၊ ဘီးလင်းမြို့နယ် ပ.က.ဖ နှင့် ကျိုက်ထိုမြို့နယ် ပ.က.ဖ တို့ပါဝင်သော ပူးပေါင်းတပ်ဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့က ပြုလုပ်ခဲ့သော ထိုဒရုန်းမစ်ရှင်များတွင် စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိပြီး သံတံတားဂိတ်မှ ပစ်ခတ်သော လက်နက်ကြီးကျည်သည် သပြေနီကျေးရွာအနီးကျရောက်ပေါက်ကွဲမှုရှိကြောင်း၊ ရွာသားအထိအခိုက်ရှိသော်လည်း စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

" တိုက်ခိုက်နေဆဲရော၊ တိုက်ခိုက်အပြီးမှာပါ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပြန်ပစ်တာရှိပါတယ်။ သံတံတားကနေပြန်ပစ်တာကတော့ သပြေနီရွာအနီးနားကိုကျပါတယ်။ ရွာသားထိခိုက်မှုရှိတယ်လို့တော့ သိရပေမယ့် ကျနော်တို့တော့ အတိအကျမသိရသေးပါဘူးခင်ဗျ" ဟု PPDF-KD တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

၂၀၂၃ ခုနှစ် အစောပိုင်းမှစ၍ PPDF- KD သည် ဒရုန်းမစ်ရှင်များအား ပိုမိုဖော်ဆောင်လာနိုင်ခဲ့ပြီး ထိုကဲ့သို့ ပြုလုပ်နိုင်ခြင်းသည် မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူများ၏ ကူညီထောက်ပံ့မှုများကြောင့်သာ ဖြစ်ကြောင်း PPDF- KD တာဝန်ရှိသူထံက သိရသည်။

PPDF- KD သည် ပြီးခဲ့သည့် ဧပြီလအတွင်း တပ်မဟာ (၁) တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ မဲလံ BGF ဂိတ်စခန်း၊ ဘီးလင်းအခြေစိုက် ခမရ-၃၊ ကင်မွန်းစခန်းရဲစခန်း၊ သံတံတားဂိတ်တို့အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima

#ကင်မွန်းချောင်း ရဲစခန်း

#PPDF- KD

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly