မန္တလေးတွင် ဧရာဝတီမြစ်အတွင်း ရေဆင်းကူးသူ ရေစီးနှင့်မျောပါပြီး ရေနစ်သေဆုံး

By 007 (မဇ္စျိမ)
30 April 2023
မန္တလေးတွင် ဧရာဝတီမြစ်အတွင်း ရေဆင်းကူးသူ ရေစီးနှင့်မျောပါပြီး ရေနစ်သေဆုံး

မန္တလေးမြို့တွင် ဧပြီ ၂၉ ရက်နေ့ ညနေပိုင်းက ဧရာ၀တီမြစ်အတွင်းရေဆင်းကူးသည့် လူငယ် တစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေး ချမ်းအေးသာစံမြို့နယ် အပေါ်ကမ်းနားလမ်း ကရဝိက်ဟိုတယ်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဧရာ၀တီမြစ်အတွင်းသို့ အဖွဲ့လိုက်ရေဆင်းကူးကြရာမှ ရေစီးနှင့်မျောပါသွားပြီး ရေနစ်သေဆုံးမှုဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း ဖြစ်စဉ်ကိုမြင်တွေ့လိုက်ရသူတစ်ဦးက ပြောသည်။

“သူတို့ကအဖွဲ့လိုက်ရေလာကူးကြတာပါ၊ တအားပူလို့ မနေနိုင်လို့ ရေလာစိမ်ကြတာလို့လည်း ပြောတယ်။ အဲဒီမှာတစ်ယောက်က ရေစီးနဲ့မျောသွားပြီး ရေနစ်သေတာပါ” ဟု ၎င်းကဆိုသည်။

အသက် ၂၀ ကျော်အရွယ်လူငယ်တစ်စု ညနေ ၅ နာရီခန့်တွင်ရောက်လာပြီး အဖွဲ့လိုက်ရေ ဆင်းကူးကြ ကြောင်း၊ ၎င်းတို့ထဲကအသက် ၂၅ နှစ်အရွယ်လူငယ်တစ်ဦး ရေစီးအတိုင်းမျောပါသွားရာမှ ပျောက်ဆုံးသွား ကြောင်း၊ နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့တို့ရောက်လာပြီး ရေငုပ်ရှာဖွေ ကယ်ဆယ်ရေးလုပ်ခဲ့ကြောင်း၊ ညနေ ၅ နာရီခွဲခန့်တွင် ၎င်း၏အလောင်းကိုဆယ်ယူနိုင်ခဲ့ကြောင်း ရှာဖွေ ကယ်ဆယ်ရေးလုပ်ခဲ့သူများထံမှ သိရသည်။

မန္တလေးနှင့်စစ်ကိုင်းမြို့တွင် သင်္ကြန်အပြီးနောက်ပိုင်းမှစ၍ လျှပ်ဓာတ်အားဆိုးဆိုးရွားရွားပြတ်တောက်ရာ မှ၊ မြို့အနှံ့ သုံးရေပြတ်လပ်မှု နေ့စဉ်ဖြစ်ပေါ်လျက်ရှိသည်။

“ရေမရလို့ မြစ်ထဲရေဆင်းချိုးကြတာကနေ စစ်ကိုင်းမှာ ကိုရင်နှစ်ပါးနဲ့လူငယ်တစ်ယောက် ရေနစ်သေ တယ်။ မန္တလေးမှာတော့ ဒါက ပထမဆုံးပဲ။ မီးလာချိန်နည်းတော့ ရေကလုံး၀ကိုပြတ်နေတာ။ ရေမရှိတော့ လူငယ်သဘာဝ မြစ်ထဲရေချိုးဆင်းကြတာကနေ အခုလိုနောက်ဆက်တွဲပြဿနာတွေကြုံနေရတာ။ ဒါမျိုး ဘယ်ခေတ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူး” ဟု ဧရာ၀တီမြစ်ရိုးတွင် နှစ်ပေါင်း ၃၀ ကျော် နေထိုင်လာသည့် ဒေသခံတစ်ဦးက ပြောသည်။

ဧရာ၀တီမြစ်နှင့်တစ်ဘက်ကမ်းစီတွင်ရှိကြသည့် မန္တလေးနှင့် စစ်ကိုင်းမြို့တွင် သုံးရေပြတ်လပ်မှုကြောင့် မြစ်ချောင်းဆည်မြောင်းများသို့သွားရောက်ပြီး ရေချိုးခြင်း၊ ရေခပ်ခြင်း၊ အ၀တ်လျှော်ခြင်းတို့ နေ့စဉ်ပြုလုပ် နေကြရကြောင်း သိရသည်။

Photo နိဗ္ဗာန်သုခအသင်း

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေး

#ဧရာဝတီမြစ်

#ရေနစ်သေဆုံး

#သုံးရေပြတ်လပ်မှု

#လျှပ်ဓာတ်အားပြတ်တောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly