မုံရွာမြို့တွင် စစ်ကောင်စီတပ်မှ တပ်စွဲထားသည် ရုံး ၂ ရုံးကို ဝင်ရောက်တိုက်ခိုက်ရာ ၅ ဦး သေဆုံး

By ပါခွီး(မဇ္စျိမ)
30 April 2023
မုံရွာမြို့တွင် စစ်ကောင်စီတပ်မှ တပ်စွဲထားသည် ရုံး ၂ ရုံးကို ဝင်ရောက်တိုက်ခိုက်ရာ ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်ကောင်စီတပ်မှတပ်စွဲထားသော ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန(ကညန)နှင့် စိုက်ပျိုးရေးရုံးတို့ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားငါးဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force) က ဧပြီလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါရုံးနှစ်ရုံးကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၂၉ ရက် ညနေ ၆ နာရီအချိန် တွင် လက်နက် ကြီးငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“အဲဒီရုံးနှစ်ခုက နီးနီးလေးဆိုတော့ တပြိုက်နက် နှစ်ရုံးစလုံးကို ဝင်တိုက်ခဲ့တာပါ” ဟု Chindwin Attack Force ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားအများ ထိခိုက်သေဆုံးမှုခဲ့ပြီး ကာကွယ်ရေးပူးပေါင်းအဖွဲ့များ ဘက်မှလည်း ရဲဘော်လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

ကညနရုံးတွင် စစ်ကောင်စီတပ်သား ၁၅ ဦးခန့်နှင့် စိုက်ပျိုးရေးရုံးတွင် အင်အား ၆၀ ခန့်ဖြင့် တပ်စွဲထား ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော်(Chindwin Attack Force) တပ်ရင်း(၂)၊ တပ်ရင်း(၃)၊ တပ်ရင်း(၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)၊ မုံရွာခရိုင်အမှတ် (၅) တပ်ရင်း A.S.F (Aung San Force)၊ မုံရွာခရိုင်တပ်ရင်း(၇)၊ ယင်းမာပင်တပ်ရင်း(၂၈)ဓားမဆိုင်းတပ်မတော် ၊ 5/UG ၊ MRDA ရင်း (၆) တပ်ခွဲ(၂) စေတန်၊ မုံရွာခရိုင်တပ်ရင်း (၂၄) တပ်ခွဲ (၄) Spring Dove ၊ People's Defense & Revenge Army PDRA တို့ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဧပြီလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ကလည်း Chindwin Attack Force နှင့် မဟာမိတ်တပ်ဖွဲ့များက ကညနရုံးအပြင်ထွက်နေသော စစ်ကောင်စီတပ်သားများကို ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly