The Elders ဒုတိယဥက္ကဋ္ဌ မစ္စတာ ဘန်ကီမွန်းနှင့် NUG တို့တွေ့ဆုံဆွေးနွေး

By 001 (မဇ္စျိမ)
30 April 2023
The Elders ဒုတိယဥက္ကဋ္ဌ မစ္စတာ ဘန်ကီမွန်းနှင့် NUG တို့တွေ့ဆုံဆွေးနွေး

The Elders အဖွဲ့၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့ ဧပြီလ ၂၇ ရက်နေ့က အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUG က ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါအစည်းအဝေးတွင် မစ္စတာဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ အဓိကထား ဆွေးနွေး ခဲ့ပြီး မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်နေရသည့် အကျပ်အတည်းများကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်ရန် ရှေ့ဆက်လုပ်ဆောင်နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ အမြင်များဖလှယ်ဆွေးနွေးခဲ့ကြကြောင်း NUG ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မစ္စတာဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီက ယင်းခရီးစဉ်အား ၎င်းတို့၏ အကျိုးအတွက် အသုံးချရန်ကြိုးပမ်းမည်ကိုစိုးရိမ်သောကြောင့် မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်မည့် ခရီး စဉ်များရှိပါက NUG အပါအဝင် မြန်မာနိုင်ငံမှ အရေးပါသော သက်ဆိုင်သူများနှင့် တိုင်ပင်ဆွေးနွေးမှုများ လုပ်ဆောင်ရန် NUG ဘက်က မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲများကျင်းပရန် အခွင့်မရှိကြောင်း၊ ရွေးကောက်ပွဲများ ကျင်းပ မည်ဆိုပါက မြန်မာနိုင်ငံရှိ သက်ဆိုင်သူများအားလုံးနှင့် တိုင်းရင်းသားအဖွဲ့အားလုံးက လက်ခံနိုင်မည့် အသစ်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေအရသာ ကျင်းပပြုလုပ်ရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက ပြောကြားခဲ့သည်။

အာဆီယံဘုံသဘောတူညီချက်ငါးရပ်နှင့် လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အမှတ်(၂၆၆၉)တို့အား လိုက်နာ ရန်ပျက်ကွက်သည့် စစ်ကောင်စီအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပို၍ ဝိုင်းဝန်းဖိအားပေးမှုနှင့် အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ရန်လိုအပ်ကြောင်းလည်း NUG က တိုက်တွန်းခဲ့သည်။

ဆွေးနွေးပွဲတွင် မစ္စတာဘန်ကီမွန်းက “အကြမ်းဖက်မှုများအား အဆုံးသတ်ရန် လမ်းကြောင်း” ရှာဖွေမှုမှာ အရေးပါကြောင်းနှင့် “ရေရှည်တည်တံ့သော အဖြေတစ်ခုကိုရရှိရေး၌ အမျိုးသားညီညွတ်ရေးအစိုးရ အပါ အဝင် ပါဝင်သည့်အစုအဖွဲ့အားလုံး၏အခန်းကဏ္ဍမှာ အရေးပါကြောင်း” စသည်တို့ကိုပြောကြားခဲ့ကြောင်း NUG က သတင်းထုတ်ပြန်သည်။

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းများအား ဖြေရှင်းနိုင်ရန် အတွက် ဖြစ်နိုင်ချေရှိသည့်လမ်းကြောင်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နိုင်ရန် အတွက် ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးတစ်ရပ် တည်ဆောက်သွားကြမည်ဟူသော သဘောတူညီ ချက်ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

The Elders အဖွဲ့၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းအနေဖြင့် စစ်ကောင်စီ၏ဖိတ်ကြားချက်အရ ဧပြီလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ မြန်မာနိုင်ငံ သို့လာရောက်ပြီး စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန် တို့နှင့် တွေ့ဆုံဆွေးနွေးထားသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#The_Elders

#မစ္စတာဘန်ကီမွန်း

#အမျိုးသားညီညွတ်ရေးအစိုးရ(NUG)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly